ကုလ ကော်မရှင်ဖွဲ့ စုံစမ်းရေး နယ်သာလန်လည်း ထောက်ခံ
2010.09.22

ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက်မဲ့ ကိစ္စကို နယ်သာလန်နိုင်ငံက ထောက်ခံပါတယ်။ ဒါပေမဲ့ စုံစမ်းရေးကော်မရှင်ကို စုံစမ်းမှုတွေ ဘယ်တော့ စလုပ်ဆောင်သင့်တယ် ဆိုတဲ့ တောင်းဆိုမှုတွေကိုတော့ တခြား အီးယူအဖွဲ့ဝင် နိုင်ငံတွေနဲ့ ညှိနှိုင်း တိုင်ပင်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။ နယ်သာလန်နိုင်ငံဟာ မြန်မာနိုင်ငံတွင်းက စစ်ရာဇဝတ်မှုတွေကို ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက်မဲ့ကိစ္စကို ထောက်ခံတဲ့နိုင်ငံတွေထဲမှာ နဝမမြောက် နိုင်ငံဖြစ်ပြီး၊ အီးယူ ဥရောပနိုင်ငံတွေထဲမှာတော့ ပဉ္စမမြောက် နိုင်ငံဖြစ်ပါတယ်။
ယခင် ထောက်ခံထားပြီးသား နိုင်ငံတွေကတော့ သြစတြေးလျ၊ ဗြိတိန်၊ ချက်သမ္မတနိုင်ငံ၊ စလိုဗက်ကီးယား၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဟန်ဂေရီနဲ့ နယူးဇီလန်တို့ ဖြစ်ပါတယ်။
နယ်သာလန်အစိုးရက အခုလို ထောက်ခံလိုက်တာကို ဗြိတိန်အခြေစိုက် ဘားမားကန်ပိန်း ယူကေ အဖွဲ့က ကြိုဆိုလိုက်ပြီး၊ ကျန်ရှိနေသေးတဲ့ အီးယူနိုင်ငံတွေ အားလုံးပါဝင်ထောက်ခံလာအောင် ဆောင်ရွက်သွားမယ်လို့ အဖွဲ့ရဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး မဇိုရာဖန်းက ပြောပါတယ်။
“နယ်သာလန်က ကမ္ဘာ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုကို ထောက်ခံလိုက်တဲ့ အတွက်ကြောင့်ပေါ့နော်၊ ကျွန်မတို့ မြန်မာပြည်ရဲ့ လှုပ်ရှားမှုဟာ အင်မတန်ကို အောင်မြင်တယ်လို့ ပြောလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အီးယူနိုင်ငံတွေလည်း ပိုများလာတယ်။ အဲဒါကြောင့် မြန်မာပြည်ရဲ့ အခြေအနေက ကမ္ဘာက ပိုသိလာပြီ။ ဒါပေမဲ့ ကျွန်မတို့ ဆက်လုပ်ရမှာကတော့ အီးယူတခုလုံး အတိုင်းအတာပေါ့နော်၊ European Union တခုလုံး အတိုင်းအတာမှာ ဒါ တရားဝင် လက်ခံနိုင်ဖို့အတွက် ကျွန်မတို့ဖက်က ဆက်လက်ပြီးတော့ ကြိုးစားပြီးတော့ လှုပ်ရှားရမှာ ဖြစ်ပါတယ်။”
ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင် ဖွဲ့စည်းမဲ့ ဆောင်ရွက်ရေးကိစ္စကို အီးယူ ဥရောပ နိုင်ငံတွေထဲက ပြင်သစ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေ များမကြာမီ ပါဝင် ထောက်ခံလာဖွယ် ရှိတယ်လို့လည်း မဇိုရာဖန်းက ပြောပါတယ်။