Nestle ကုမ္ပဏီ မြန်မာပြည်က လုပ်ငန်းတွေရပ်မည်
2023.02.27
ဆွစ်ဇာလန်နိုင်ငံက စားသောက်ကုန်လုပ်ငန်းကြီးဖြစ်တဲ့ Nestle က သူ့ရဲ့ မြန်မာပြည်က လုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ကြေညာလိုက်ပါတယ်။
“လက်ရှိစီးပွားရေး အခြေအနေအရ” ရန်ကုန်မှာရှိတဲ့ စက်ရုံနဲ့ရုံးချုပ်ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းမှာဖြစ်တဲ့အကြောင်း ကုမ္ပဏီပြောခွင့်ရ ပုဂ္ဂိုလ်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။
Nestle မြန်မာကုမ္ပဏီဟာ အသင့်သောက်သုံးနိုင်တဲ့ ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ Milo ချောကလက် စတဲ့ စားသောက်ကုန်တွေကို ထုတ်လုပ်နေတာပါ။

မြန်မာမှာ လုပ်ငန်းရပ်ဆိုင်းပြီးရင် အိမ်နီးချင်း ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
လုပ်ငန်းတွေ ရပ်ဆိုင်းမယ့်အစီအစဉ်ကြောင့် နစ်နာမယ့်သူတွေအတွက် အတတ်နိုင်ဆုံး ကူညီမှာဖြစ်ကြောင်းလည်း ပြောခဲ့ပေမယ့် ဝန်ထမ်းဘယ်လောက် ရှိတယ်ဆိုတာတော့ မသိရပါဘူး။
၂ဝ၂၁ ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းတွေ ပေါ်ပေါက်လာတာကြောင့် နိုင်ငံတကာလုပ်ငန်းတွေ မြန်မာနိုင်ငံကနေ တဖြည်းဖြည်းနဲ့ ထွက်ခွာနေတဲ့အထဲ အခုနောက်ဆုံး Nestle ကုမ္ပဏီလည်း ပါဝင်လာတာ ဖြစ်ပါတယ်။