မြန်မာ့စီးပွားရေး ဆိုးဆိုးဝါးဝါးကျဆင်းနေကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်

RFA Burmese
2023.03.31
မြန်မာ့စီးပွားရေး ဆိုးဆိုးဝါးဝါးကျဆင်းနေကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန် စစ်ကောင်စီမှ ဖယ်ရှားခဲ့သည့် အရှေ့ဒဂုံမြို့နယ် ထားဝယ်ချောင် ကျူးကျော်ရပ်ကွက်အတွင်း နေထိုင်သူများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး တိုးတက်မှုအခြေအနေ ဆိုးဆိုးဝါးဝါး နိမ့်ကျနေပြီး၊ လာမယ့် စက်တင်ဘာလမှာ ပြီးဆုံးမယ့် ဘဏ္ဍာနှစ်မှာ နိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှု ၃ ရာခိုင်နှုန်းပဲရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဒီနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုတွေ ပိုဆိုးလာတာ၊ နိုင်ငံအနှံ့ ပဋိပက္ခ တိုက်ခိုက်မှုတွေဖြစ်နေ တာနဲ့ အုပ်ချုပ်သူတွေရဲ့ မူဝါဒအမှားတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု အခြေအနေ နိမ့်ကျနေတာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်မှု၊ ကုန်စည်ပို့ဆောင်ရေး အဆင်မပြေမှု၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေ လဲလှယ်မှုတွေကို ကန့်သတ်ချက်တွေနဲ့ မသေချာမှုတွေ ဆက်ဖြစ်နေတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် အခြေအနေ တိုးတက်လာမယ့် အလားအလာ မတွေ့ရဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိခဲ့ပေမယ့်၊ အဲဒီနောက် ၂၀၂၂ ခုနှစ်မှာတော့ ၃ ရာခိုင်နှုန်းပဲ တိုးတက်ခဲ့တာပါ။

အခုအချိန်မှာ စားသောက်ကုန်နဲ့ လောင်စာဆီတွေ ဈေးတက်နေတာနဲ့ ပြည်သူတွေရဲ့ ဝယ်လိုအား ကျဆင်းမှုတွေကြောင့် မြန်မာ ကျပ်ငွေရဲ့ တန်ဖိုး ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ဒေါ်လာဈေးတွေ အဆမတန် တက်နေပြီး၊ နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားနေတာကို ထိန်းချုပ်ဖို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ ဗဟိုဘဏ်က အမိန့်တွေ ထုတ်ပြန်ခဲ့တာကြောင့်လည်း စီပွားရေးလုပ်ငန်းတွေအတွက် အခက်အခဲ ဖြစ်ရတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံရေး စီးပွားရေး ပြန်တက်လာဖို့ သူတို့ လုပ်နိုင်သမျှ လုပ်နေတယ်လို့သာ ပြောထားပြီး၊ ပြည်ပက အတိုက်အခံတွေရဲ့ လုပ်ရပ်တွေကြောင့် အကျပ်အတည်းဖြစ်နေရတာလို့ အကြောင်းပြတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။