ယင်းမာပင် ဘန့်ဘွေးရွာမ ကလေးတွေအပါအဝင် ဒေသခံ ၇၀ နီးပါး အဖမ်းခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ ကျေးရွာက ကလေး ၁၀ ဦးအပါအဝင် ရွာသား ၇၀ နီးပါးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၆ ရက် နေ့လယ် ၁ နာရီလောက်က ရွာရဲ့တောင်ဘက်ပိုင်းမှာရှိတဲ့ ပေပင်တောရ ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေတဲ့ ရွာသား ၇၀ နီးပါးကို လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီအထဲမှာ အသက် သုံးနှစ်ကနေ ရှစ်နှစ်အရွယ်ကြား ကလေး ၁၀ ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ခြောက်လကတည်းက ပျူစောထီးနဲ့ စစ်သား ၁၀၀ ခန့် ရွာကို ရုတ်တရက်ရောက် လာပြီး စခန်းချထားတာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ဘန့်ဘွေးရွာမ တောင်ဘက် ပိုင်းမှာရှိတဲ့ ပေပင်တောရ ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေတာဖြစ်ပါတယ်။
အဖမ်းခံထားရသူတွေထဲက အသက် ၇၀ အရွယ်နဲ့ ၈၀ အရွယ် အဘိုးအဘွား ငါးဦး ပြန် လွတ်ဖို့ ကျပ်ငွေ ၂၅ သိန်း ပေးခဲ့ရပြီး ကျန်သူတွေကို ရွာလယ်ရှိ စာသင်ကျောင်းမှာ အခု ချိန်ထိ ဆက်ဖမ်းထားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာထဲမှာ ပျူစောထီးနဲ့ စကစ တပ်အင်အား ၁၀၀ နီးပါး ရှိနေတယ်။ ကျမတို့က စစ်ဘေး ရှောင်နေတာ ခြောက်လထဲရှိနေပြီ။ အခု အဖမ်းခံထားရတဲ့သူတွေက ဘန့်ဘွေးရွာမရဲ့ တောင်ဘက်ခြမ်းက ပေပင်တောရ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ သူတွေပါ။ စကစနဲ့ ပျူစောထီးတပ်တွေက နေအိမ်တွေမှာ ပြန်နေဆိုပြီး စစ်ဘေးရှောင်နေတဲ့ ရွာ အနီးအနားက လူတွေကို လိုက်ခေါ်ပြီး ၇၀ နီးပါးကို ရွာထဲခေါ်သွားပြီး စာသင်ကျောင်း ထဲမှာ ပိတ်ထားပါတယ်။ အရှေ့မှာ မုန်တိုင်ပင်ရွာကိစ္စက သာဓက ရှိခဲ့တော့ ဖမ်းထား သူတွေကို သတ်ပစ်မှာ အရမ်းစိုးရိမ်တယ်"
အခုနှစ် မေလတုန်းက စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာ စာသင်ကျောင်းမှာ ရွာသား ၃၀ ကျော်ကို စစ်တပ်က လက်ပြန်ကြိုးတုပ် ဖမ်းဆီးထားပြီးနောက်ပိုင်းမှာ ရွာသား ၂၉ ဦး အစုအပြုံလိုက် အသတ်ခံခဲ့ရတာကြောင့် အခု ဘန့်ဘွေးရွာမ ကျေးရွာသားတွေ လည်း စိုးရိမ်နေတာပါ။
လောလောဆယ် ဘန့်ဘွေးရွာမ ရွာလယ်က စာသင်ကျောင်းမှာ အဖမ်းခံထားရသူ ၇၀ နီးပါးလို့သာ အကြမ်းဖျင်းသိထားပြီး အတိအကျသိရဖို့ စုံစမ်းနေဆဲလို့ အဲဒီအမျိုးသမီးက ပြောပါတယ်။
လတ်တလော RFA က စုံစမ်းသိရသလောက် အဖမ်းခံထားရသူတွေဟာ ဘန့်ဘွေးရွာမ ကျေးရွာက ဦးအောင်ဆန်း၊ ဒေါ်ခင်ပြုံး၊ ဦးညိမ်းထွန်း၊ ဒေါ်ကောင်းအေး၊ ဒေါ်ကောင်းယဉ်၊ ဒေါ်ဝင်းရွှေ၊ ဦးကျော်တင်၊ ဒေါ်ဌေးဌေး၊ ဦးအောင်ညို၊ ဦးအောင်ပိုင်၊ ဦးအောင်မျိုးဝင်း၊ ဒေါ်ခင်အေးဝင်း၊ ဒေါ်အေးဆိုင်၊ ကိုအောင်ပြုံးနိုင် တို့နဲ့အတူ သုံးနှစ်ကနေ ရှစ်နှစ်ကြား အရွယ် ကလေး ၁၀ ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့မနက် ပိုင်းက ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။
ဘန့်ဘွေးရွာမ ကျေးရွာမှာ အိမ်ထောင်စု နှစ်ရာကျော်က လူဦးရေ တစ်ထောင်နီးပါး နေထိုင် ပါတယ်။
အဲဒီရွာကို အခုနှစ် ဇန်နဝါရီလထဲမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ် ဝင်ရောက်စခန်းချထား တဲ့အပြင် ရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိတာကြောင့် ရွာသားတွေဟာ နေအိမ်တွေမှာ မနေရဲတော့ဘဲ တချို့က ဘုန်းကြီးကျေင်း၊ တချို့က နီးစပ်ရာ မြို့တွေနဲ့ တချို့က ရွာအနီးက တောထဲမှာပဲ ယာယီ ပုန်းရှောင်နေတာဖြစ်ပါတယ်။