ကျွန်းလှဒေသခံတွေ ပျူစောထီးသင်တန်းတက်ဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ

RFA Burmese
2023.07.31
ကျွန်းလှဒေသခံတွေ ပျူစောထီးသင်တန်းတက်ဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ စစ်ကိုင်းတိုင်း ကျွန်းလှမြို့အဝင်ကို တွေ့ရစဥ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့မှာရှိတဲ့ သစ်ရာမြိုင်ရပ်ကွက်နဲ့ ကြည့်ကုန်းအုပ်စုထဲမှာရှိတဲ့ ရွာခြောက်ရွာက ဒေသခံတွေကို ပျူစောထီးသင်တန်းတက်ဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ကျွန်းလှဒေသခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဇူလိုင် ၂၇ ရက်နဲ့ ၂၉ ရက်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ဒေသခံတွေကို အစည်းအဝေးခေါ်ပြီး ပျူစောထီးသင်တန်းတက်ဖို့ အတင်းအကျပ်ဖိအားပေး ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။

ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်မှာ ဆယ်အိမ်စုတစ်စုကို တစ်ဦးနှုန်းနဲ့ ပျူစောထီး သင်တန်းတက်ဖို့ ခေါ်ယူနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ ဆယ်ကွက်တစ်ကွက်ကို တစ်ယောက်နှုန်းပေါ့နော် မဲနှိုက်ခိုင်းပြီး ကျတဲ့သူကို ပျူစောထီးသင်တန်းတက်ဖို့ ခေါ်တာ။ မဝင်မနေရပေါ့။ လက်မခံတဲ့ကောင်ဆို သတ်ပစ်လိုက်ပေါ့။ ထွက်ပြေးရင်လည်း အိမ်မီးရှို့လိုက်ပေါ့ ဒီလိုတွေပြောတာ။ အခု လူလည်း အငှားထည့်လို့မရဘူး။ အရင်ကဆို လူငှားထည့်လို့ရတယ်။ အခုမငှားရဘူး။ ငှားတဲ့ကောင်နဲ့ အငှားလိုက်တဲ့ကောင်ဆိုရင် တစ်ခါတည်းဖမ်း၊ တစ်ခါတည်းသတ်ဆိုပြီးပြောတယ်”

ပျူစောထီးသင်တန်းတက်ဖို့ မဲမကျတဲ့ အိမ်တွေအနေနဲ့ တစ်လကိုကျပ်နှစ်သောင်း ထောက်ပံ့ကြေးပေးဖို့အပြင် ဂိတ်စောင့်ကြေးအဖြစ် တစ်ပတ်ကို ကျပ်ခြောက်ထောင်နှုန်းနဲ့ တစ်လ ၂၄၀၀၀ ကျပ် ပေးရမယ်ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့က တောင်းတယ်လို့လည်း သူကပြောပါတယ်။

ကျွန်းလှမြို့၊ သစ်ရာမြိုင် ရပ်ကွက်အတွင်းမှာတော့ အိမ်ခြေ ၇၄၀ ကျော်၊ လူဦးရေ ၃၇၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ကြည့်ကုန်းအုပ်စုထဲက ကြည့်ကုန်း၊ စသာကုန်း၊ ပိတောက်ကုန်း၊ ရွာသစ်ကုန်း၊ ဇီးတောနဲ့ ချောင်းကွေ့စတဲ့ ရွာခြောက်ရွာမှာလည်း အသက် ၁၈ နှစ်ကနေ ၄၈ နှစ်ကြားရှိတဲ့ လူငယ်၊ လူလတ်မှန်သမျှ ပျူစောထီးသင်တန်းတက်ဖို့ ဖိအားပေးခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။

အဲဒီရွာခြောက်ရွာမှာ အိမ်ခြေ ၄၅၀ ကျော်၊ လူဦးရေ နှစ်ထောင်နီးပါးရှိပြီး အဲဒီအထဲက ဒေသခံတချို့ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လုံးဝကို လက်သင့်မခံနိုင်တဲ့ သူတွေကတော့ မိသားစုကိုတစ်ခါတည်းခေါ်ပြီးတော့ ထွက်ပြေးနေတာပေါ့။ အချိန်မီ ထွက်မပြေးနိုင်တဲ့ မိသားစုတွေလည်းရှိတာပေါ့။ တော်လှန်ရေး စိုးမိုးနယ်မြေဘက်တွေ ထွက်ပြေးနေတာ။ အခု သူတို့က လှမ်းပြီး အကြောင်းကြားတာတွေ ရှိတယ်။ ခု နှစ်ရက်အတွင်းပြန်မလာရင် အိမ်ကိုမီးရှို့ပစ်မယ် ဆိုပြီးတော့ ”

၂၀၂၂ ခုနှစ်က ပျူစောထီးအဖြစ် တစ်ရပ်ကွက်ကို လူဦးရေသုံးဆယ်နှုန်းနဲ့ စဖွဲ့ခဲ့ချိန်က အခုလိုအတင်းအကျပ် ခေါ်တာမရှိဘူးလို့ ဆိုပါတယ်။

ဒေသအခြေပြု တော်လှန်ရေးအဖွဲ့တွေကတော့ လက်ရှိမှာ ပျူစောထီးလူဟောင်းတချို့ ကန့်ဘလူ ၆၀၀၆ အမြောက်တပ်မှာ အထူးကွန်မန်ဒိုသင်တန်း သွားတက်မှာဖြစ်တဲ့အတွက် လူအစားထိုးဖို့ ဒေသခံတွေကို အရေးပေါ်ခေါ်နေတာလို့ ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒီကိစ္စအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်တိုင်းကိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးစောနိုင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။