ပေါက်မြို့ ဇီးပြားရဲကင်းစခန်းတိုက်ပွဲ ပျူစောထီး ၅၃ ဦး ဖမ်းမိကြောင်း ကာကွယ်ရေးအဖွဲ့တွေပြော

2022.10.03
ပေါက်မြို့ ဇီးပြားရဲကင်းစခန်းတိုက်ပွဲ ပျူစောထီး ၅၃ ဦး ဖမ်းမိကြောင်း ကာကွယ်ရေးအဖွဲ့တွေပြော မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားရွာမှ ရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်က တိုက်ခိုက်ခဲ့စဉ်။
ဓာတ်ပုံ - မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားရွာက ရဲကင်းစခန်းကို ဒေသအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အောက်တိုဘာလ ၂ ရက်မနေ့က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီးအဖွဲ့ဝင် ၅၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

အဲဒီစခန်းမှာ ပျူစောထီးတစ်ရာခန့်ကို သင်တန်းပေးနေသလို စစ်ကောင်စီဘက်ကို မထောက်ခံတဲ့ ရွာသားတွေကိုလည်း သတ်ဖြတ်တာနဲ့ ပစ္စည်းတွေယူဆောင်တာတွေ လုပ်နေကြောင်း တိုင်းတန်းလာလို့ အခုလို တိုက်ခိုက်ရတာလို့ ဆိုပါတယ်။

နေ့လယ်ကနေ ညနေ (၆) နာရီခန့်အထိ (၅) နာရီနီးပါးအကြာ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အခက်အခဲကြောင့် ဖမ်းမိထားသူတွေကိုခေါ်ပြီး ပြန်ဆုတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ခဲယမ်း မလုံလောက်တာကြောင့် ပြန်ဆုတ်ခွာခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်လကျာ်က ပြောပါတယ်။

"အစကတော့ သူတို့ ပျူသင်တန်း မပေးနိုင်အောင်လို့ လက်နက်ကြီးတွေနဲ့ စပစ်တယ်။ ကျနော်တို့ အသာစီးရတဲ့ အနေအထားဖြစ်လို့ ရွာထဲအထိ ဝင်ကပ်ပြီးတော့ စခန်းပါ သိမ်းနိုင်မယ့် အနေအထားမျိုး ဖြစ်တဲ့အချိန်မှာ လက်နက်ခဲယမ်း မလုံလောက်လို့ ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်ဗျ"

ဖမ်းဆီးရမိတဲ့ ပျူစောထီးအဖွဲ့ဝင် အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ၂၅ ဦးကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေနဲ့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပြီး ဖုန်းတွေကိုတော့ သိမ်းထားသလို ပြည်သူနဲ့ပူးပေါင်းပါဝင်ဖို့ ဝန်ခံကတိ ထိုးခိုင်းထားတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။