ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု တွေ့ဆုံမည်
2010.12.25

အဲဒီလို တွေ့ဆုံရာမှာ NLD ပါတီကနေ ခွဲထွက်ရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းလင်းပြောပြမှာ ဖြစ်တဲ့အကြောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။
“ပါတီထောင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းလင်းတင်ပြဖို့ အန်ကယ်တို့ဘက်က နိုင်ငံရေးတာဝန် ကျန်နေပါတယ်။ အဲဒါ အဓိကပါ။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းနဲ့ပဲ တွေ့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို Personal တွေ့တဲ့သဘောမျိုး သွားတွေ့မှာ ဖြစ်ပါတယ်။ အန်ကယ်တို့ NDF ရဲ့ အမြင်၊ ဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ဘယ်လိုမြင်သလဲလို့ မေးရင် ဖြေဖို့ အန်ကယ်တို့မှာ အဆင်သင့် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ NDF ဟာ မူဝါဒချမှတ်ပြီးမှ ရှေ့ကို ဆက်လျှောက်နေတဲ့ ပါတီမို့လို့ မူဝါဒအတိုင်း ကျနော်တို့ လုပ်ဖို့ အကြောင်း ရှိပါတယ်”
သူ့ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရတာ နှစ်ပေါင်း ၂ဝ နီးပါးလောက် ရှိနေပြီလို့ ဦးခင်မောင်ဆွေက ပြောပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဦးခင်မောင်ဆွေက
“ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ရင်ကြားစေ့ရေးကို တကယ်ပဲ လုပ်ဆောင်မယ်လို့ ကြေညာပြီးပြီ ဖြစ်ပါတယ်။ ၃၇ ပါတီနဲ့ လက်တွဲ လုပ်ဆောင်မယ်လို့လည်း ကြားလိုက်ရပါတယ်။ အဲဒါ အင်မတန်ကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဆောင်ရွက်မှုပါပဲ။ ပါတီနိုင်ငံရေး အပေါ်ကနေပြီးတော့ အမျိုးသား နိုင်ငံရေးထဲမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်မယ်ဆိုရင် အောင်မြင်မှာပါ”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ NDF ပါတီက အမတ်နေရာ စုစုပေါင်း (၁၆၁) နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၆ နေရာသာ အနိုင်ရခဲ့ပါတယ်။ ဒါဟာ စစ်အစိုးရ ကျောထောက်နောက်ခံ ရထားတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီက မဲ မသမာမှုတွေ ရှိခဲ့တဲ့အတွက်လို့ NDF က စွပ်စွဲထားပါတယ်။