NDF ပါတီဥက္ကဌအဖြစ် ဦးခင်မောင်ဆွေကို ပါတီပြန်လည်ရွေးချယ်


2016.07.17
ndf-party-leader-620.jpg အမျိုးသားဒီမိုကရေစီအင်အားစု NDF ပဲခူးတိုင်းဒေသကြီး ပါတီ ရုံးခွဲဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ မိန့်ခွန်းပြော ကြားနေပုံ
Photo: AFP

အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီနိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးကို ဒီကနေ့ ကျင်းပရာ ဗဟိုအလုပ်အမူဆောင ်ကော်မတီအသစ်ကို ပြန်လည်ရွေးချယ်ခဲ့ပြီး ဦးခင်မောင်ဆွေကို ဥက္ကဌအဖြစ် ပြန်လည် တင်မြောက်လိုက်ပါတယ်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် YMCA ခန်းမမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဦးခင်မောင်ဆွေက နာယက တာဝန်ယူဖို့ တင်ပြခဲ့ပေမယ့် ပါတီဗဟိုကော်မတီဝင်တွေက လက်မခံတဲ့အတွက် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ရတယ် လို့ ဦးခင်မောင်ဆွေက ခုလိုပြောပါတယ်။

"ကျနော်တို့ အသက်ကြီးတဲ့သူတွေ နာယကအဖွဲ့ထဲကိုသွားမယ်ဆိုတော့ နာယကအဖွဲ့ထဲမှာ ၁ဝ ယောက်လောက်ပါသွားတယ်၊ အဲ့ဒီမှာ လူကြီးတွေဖယ်ပေးပြီး လူငယ်တွေကိုနေရာပေးတာကို သူတို့က မပြည့်စုံသေးပါဘူးတဲ့ လူငယ်တွေက ကျနော်တို့ ကွပ်ကဲဖို့လိုပါသေးတယ်၊ ကျနော်တစ်ယောက် ကိုတော့ ပြန်ခေါ်တယ်ဗျာ နာယကအဖွဲ့ထဲက၊ ကော်မတီဝင် ၁ဝဝ ကျော်လောက်ရှိတာကို သူတို့က ကျနော် နာယကအဖွဲ့ထဲမှာ နာယကဆက်လုပ်တာကို ကန့်ကွက်တယ်ဗျ၊ ကန့်ကွက်ပြီးတော့ ကျနော့်ကို ဥက္ကဌနေရာပြန်လုပ်ခိုင်းတာဗျ၊ အဲ့ဒီတော့ သူတို့ထောက်ခံတယ်ပေါ့ဗျာ၊ တစ်ယောက်ပြီးတစ်ယောက် တက်ပြီးတော့ မလုပ်သင့်ပါဘူး ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ကျနော့်ကို ဥက္ကဌနေရာပြန်ခိုင်းတယ်၊ ခိုင်းတော့အခု ကျနော်က ပြန်ရွေးတဲ့အထဲမှာ ဥက္ကဌပြန်ဖြစ်ရတာပေါ့"

အစည်းအဝေးမှာ ဗဟိုအလုပ်အမူဆောင်ကော်မတီဝင် ၁၆ ဦးကို ရွေးချယ်ခဲ့ပြီး ဥက္ကဌ ဦးခင်မောင်ဆွေ ဒုတိယ ဥက္ကဌ ဒေါက်တာဝင်းနိုင်နဲ့ အထွေထွေအတွင်းရေးမှူးတာဝန်ကို ဦးနေမင်းကျော်က တာဝန်ယူမှာဖြစ်ပါတယ်။  အလားတူ အစည်းအဝေးကနေ အရံဗဟို အလုပ်အမူဆောင် ၁၃ ဦးကို လည်း ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။