အစိုးရသစ်နဲ့ လွှတ်တော်ကို စောင့် ကြည့်ဝေဖန်ဖို့ အဖွဲ့သစ်ထူထောင်
2015.12.03

လာမယ့် အစိုးရသစ်နဲ့ လွှတ်တော်ကို စောင့်ကြည့်ဖို့ဆိုပြီး အရပ်ဘက်အဖွဲ့အစည်းတစ်ခုကို အဖွဲ့ဝင် ၂ဝဝ လောက်နဲ့ ယာယီဖွဲ့စည်းထားတယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်လောင်းက ပြောပါတယ်။
အခုလိုဖွဲ့စည်းတာဟာ အစိုးရသစ်ကိုတိုက်ခိုက်ဖို့မဟုတ်ဘဲ ထောက်ပြဝေဖန်ဖို့အတွက်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ထက်က ပြောပါတယ်။
"လွှတ်တော်ထဲမှာ အမျိုးသားအကျိုးစီးပွားနဲ့ပတ်သက်ပြီး ထိခိုက်လာတာမျိုးရှိရင်လည်း ကျနော်တို့ ထောက်ပြ သင့်တဲ့ဟာ ထောက်ပြဖို့၊ ဝေဖန်သင့်တဲ့ဟာ ဝေဖန်မယ်ပေါ့၊ အဲ့လိုအကြံပြုချက်ပါတဲ့ အကြံပြုနိုင်မယ့် အကြောင်း အပြုသဘောဆောင်တဲ့ဟာတွေကို ကျနော်တို့ ပြောနိုင်ဖို့အတွက် ဒီဟာကိုဖွဲ့မယ်ပေါ့၊ ကြည့်တာက ကြည့်တာပေါ့ ဘယ်အစိုးရတက်တက် ကျနော်တို့က ကြည့်ရမှာပဲလေ၊ လက်ရှိအစိုးရတုန်းက လွှတ်တော်ထဲမှာ အတိုက်အခံတော်တော်များများရှိတယ် လက်ရှိအစိုးရကိုပေါ့၊ ဒါပေမဲ့ လွှတ်တော်ထဲကိုကျတော့ အတိုက်အခံပုံစံမျိုးကိုကျတော့ တတိယအင်အားစု နည်းသွားတယ်ဆိုတဲ့သဘောရှိတယ်ပေါ့၊ လွှတ်တော်က အပြန်အလှန်ထိန်းကျောင်းမှုပုံစံပါတဲ့အတွက် လွှတ်တော်ထဲ နိုင်ငံရေးပုံစံမျိုးကို လွှတ်တော်ပြင်ပကနေ ကျနော်တို့ ဖော်ဆောင်နိုင်ဖို့ ကြိုးစားပါမယ်"
အဲ့ဒီအဖွဲ့ကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဦးဆောင်ဖွဲ့စည်းတာဖြစ်ပြီး ရွေးချယ်မခံရတဲ့ ကိုယ်စားလှယ်လောင်းတွေ၊ ပညာရှင်တွေ၊ တိုင်းရင်းသားတွေနဲ့ လူငယ်တွေလည်းပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအဖွဲ့ကို ဦးဆောင်မယ့်သူစာရင်းနဲ့ ပါဝင်သူစာရင်းကို လာမယ့် ဖေဖော်ဝါရီလမှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ကိုယ်စားလှယ်လောင်း ၂ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွေးချယ်ခံခဲ့ရသူ မရှိခဲ့ပါဘူး။