ပီအာစနစ်နှင့် ပတ်သက်ပြီး NDF ကြေညာချက်ထုတ်


2014.06.23
khinwaingkyi-305 အမျိုးသားလွှတ်တော်မှာ ဇွန်လ ၃ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ပီအာစနစ် ကျင့်သုံးပေးဖို့ အဆိုတင်သွင်းခဲ့စဉ်
Photo: Myo Thant Khaing/RFA

လာမယ့်ရွေးကောက်ပွဲတွေမှာ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ပြည်နယ်တွေမှာ မကျင့်သုံးသေးဘဲ တိုင်းဒေသကြီးတွေမှာသာ ကျင့်သုံးပေးဖို့ အမျိုးသား လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

NDF ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်ဝိုင်းကြည်က ပီအာ ရွေးကောက်ပွဲစနစ်ကို အမျိုးသား လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက် ပြီး  လွှတ်တော်ကိုယ်စားလှယ်တွေအကြား သဘော ထားကွဲလွဲခဲ့ကြတဲ့အတွက် အခုကြေညာချက် ထုတ်ပြန် တာလို့  NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက  ပြောပါ တယ်။

"ကျနော်တို့ PR ကို ပြည်နယ်မှာ ကျင့်သုံးမလား ဆိုပြီးတော့ ကြောင့်ကျမှုတွေကြောင့်မို့ ဆန္ဒပြမယ် ဆိုပြီး အသံတွေထွက်နေတာတွေ့လို့ သူတို့မှားပြီးတော့များ ပြောတာဖြစ်ပါလိမ့်မယ်လို့ စေတနာကောင်းနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်၊ PR တင်တဲ့အတွက်ကြောင့်မို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ကို ခြိမ်းခြောက်မှုတွေ အပုပ်ချမှုတွေ ဖုန်းနဲ့လုပ်တာတွေ နှစ်ကြိမ်လောက်ခံရပါတယ်၊ လွှတ်တော်ထဲမှာလည်း တချို့က မလိုတဲ့မျက်နှာတွေနဲ့ ရွဲ့ကြည့်တာတွေကို ခံစားရပါတယ်လို့ ကျနော့်ကို တင်ပြပါတယ်၊ ကျနော်က သည်းခံလိုက်ပါ၊ အမြင်လွှဲမှုဆိုတာရှိပါတယ်၊ ဒါကိုကျနော်တို့က ဘာမှမပြောပဲနေပါတယ်၊ တိုက်ဆိုင်တဲ့အခါမှာ အားလုံးပဲသိသွားအောင် PR ကို ဘယ်လောက်အခက်အခဲကြားထဲက ကျနော်တို့ ထုတ်ပြန်တင်သွင်းဖို့ ကြိုးစားရပါတယ်ဆိုတာကို ထင်သာမြင်သာရှိအောင် ပွင့်လင်းမြင်သာမှု လိုအပ်တဲ့ခေတ်မှာ ထုတ်ပြန်ရခြင်းဖြစ် ပါတယ်"

ပီအာစနစ်ကို ကျင့်သုံးပေးဖို့ အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က NDF ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းခဲ့တာဖြစ်ပါတယ်။

ပီအာစနစ်ကို တင်သွင်းခဲ့တာကြောင့် ဒေါ်ခင်ဝိုင်းကြည်ကို ဖုန်းနဲ့ ခြိမ်းခြောက်တာတွေ၊ လွှတ်တော်ထဲမှာ စောင်းမြောင်းပြောဆိုတာတွေရှိကြောင်းလည်း ကြေညာချက်မှာပါရှိပါတယ်။

ပီအာစနစ်ကို ကျင့်သုံးဖို့ တောင်းဆိုတာဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တာ၊ အားနည်းအောင် လုပ်ဆောင်တာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မမှန်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပီအာစနစ်ကို ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပြီး မကြာခင်မှာ ပြည်သူ့လွှတ်တော်မှာ ဆက်လက်တင်သွင်းမှာ ဖြစ်ပါတယ်။

ပါတီဥက္ကဌ ဦးခင်မောင်ဆွေကို သတင်းထောက် ကိုကျော်သူ မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။