မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ကူညီမည့် NDAA ကို စစ်ကောင်စီက အပြင်းအထန်ကန့်ကွက်

RFA Burmese
2022.12.27
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ကူညီမည့် NDAA ကို စစ်ကောင်စီက အပြင်းအထန်ကန့်ကွက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
PDF Loikaw

ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ကူညီပေးရေးပါဝင်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) ကို စစ်ကောင်စီက အပြင်းအထန်ကန့်ကွက်တယ်လို့ ဒီဇင်ဘာလ ၂၇ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတက ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေကို ဒီဇင်ဘာလ ၂၃ ရက်မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်တာပါ။ အဲဒီဥပဒေမှာ မြန်မာဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ ဘားမားအက်ကို ထည့်သွင်းထားပါတယ်။

NDAA မှာပါတဲ့အချက်တွေဟာ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တာ၊ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်တဲ့အပြင်၊ အကြမ်းဖက်မှုကို အားပေးရာရောက် တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအပြင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar – IIMM) ကို ငွေကြေး ထောက်ပံ့မှုအပေါ် ကန့်ကွက်ကြောင်းနဲ့ ဒီလိုလုပ်တာက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအတွက် ကန့်ကွက်တဲ့စာကို ဒီဇင်ဘာလ၁၃ ရက်မှာ မြန်မာသံရုံး၊ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်စာပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန၊ မြန်မာနိုင်ငံတာဝန်ခံဆီ ဆက်သွယ်ကန့်ကွက်ခဲ့သလို မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး ဒုတိယအကြီးအကဲ Ms. Deborah C. Lynn ကိုလည်း ဒီဇင်ဘာလ ၁၆ ရက်မှာ ဆင့်ခေါ်ပြီး ကန့်ကွက်ကြောင်းပြောဆိုခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ NUG အပါအဝင် မြန်မာ့ဒီမိုကရေစီအရေးအင်အားစုတွေက NDAA ဥပဒေကို ထောက်ခံကြိုဆိုတယ်လို့ ဒီဇင်ဘာလ ၁၆ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။