လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံမည်


2017.01.11
dassk-updjc-620.jpg နေပြည်တော် သင်္ဂဟဟိုတယ်မှာ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
.

လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ဆွေးနွေးဆုံးဖြတ်နိုင်မယ့် နည်းလမ်းရှာဖွေနိုင်ဖို့အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးသွားဖို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ အရေးပေါ် အစည်းအဝေးက ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ နှစ်ဖက်ပြဿနာတွေ ကို ဆွေးနွေးဆုံးဖြတ်ပေးနိုင်တဲ့ တိကျတဲ့ခေါင်းဆောင်မှုတွေရရှိအောင် အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ABSDF ဥက္ကဌ ဦးသံခဲ က ပြောပါတယ်။

"နံပါတ်တစ် အချက်ကတော့ ကျနော်တို့ ဒီ EAO NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့ လက်ရှိ ကျနော်တို့ ခုနက ပြောတဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းတဲ့နေရာမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ဘဲနဲ့ ကျနော်တို့တတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အမျိုးသားရေးလုပ်ငန်းစဉ်တွေမှာ ဒီလိုမျိုးဆုံးဖြတ်ပေးနိုင်တဲ့လူတွေအချင်းချင်း နိုင်ငံရေးအရဖြစ်စေ အခက်အခဲတွေကိုဖြစ်စေ တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းဖြေရှင်းနိုင်မှသာလျင် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ အနေအထားကြောင့်မိုလို့ ဒီလိုမျိုး ကိုယ်စားလှယ်အဖွဲ့ကိုဖွဲ့ပြီး စေလွတ်ရခြင်းဖြစ်ပါတယ်ဗျ"

အစိုးရနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ခေါင်းဆောင်အဖြစ် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး က ဦးဆောင်ပြီး ALP အဖွဲ့မှ ဦးခိုင်စိုးနိုင်အောင်၊ ABSDF အဖွဲ့မှ ဦးသံခဲ၊ RCSS အဖွဲ့မှ ဦးခွန်ဆိုင်း၊ PNLO အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့ပါဝင်တဲ့ ၅ ဦးကော်မတီက သွားရောက်တွေ့ဆုံမှာဖြစ်တယ်လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် နိုင်ငံရေးအခင်းအကျင်းဟာလည်း အားလုံးအတွက် အင်မတန်မှ အရေးကြီးတဲ့နှစ်ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် NCA လက်မှတ်ရေးထိုးရခြင်း မရှိသေးတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ အတူတကွ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဦးသံခဲ ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။