NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့များနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့မည်


2016.01.03
dassk-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ် ချုပ်ဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့ က ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ NLD ပါတီ ရုံးခန်းမှာ မနက်ဖြန် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီ အရေးတွေကို အသေးစိတ်ဆွေးနွေး သွားဖို့ရှိတယ်လို့ ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်မြင့်ထွန်း က ပြောပါတယ်။

ဒါ့အပြင် လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ လက်ရှိအစိုးရက ဦးဆောင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီးတော့လည်း NLD နဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင်ခေါင်းဆောင်တွေ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လဲ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

အဲဒီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ နိုင်ငံရေး ဆွေးနွေးပွဲမဟုတ်ပဲ၊  နိုင်ငံရေး ဆွေးနွေးပွဲတွေကို NLD ဦးဆောင်တဲ့ အစိုးရလက်ထက်ကျမှ စတင် ကျင်းပ သွားမှာ ဖြစ်တယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ပြောပါတယ်။

"ဆွေးနွေးမယ်ဆိုတာက နိုင်ငံရေးဆွေးနွေးမှာမဟုတ်ဘူး၊ အခုလက်ရှိလုပ်ထားတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ အားလုံးကို အသိအမှတ်ပြုပြီးတော့မှ နောက်လုပ်သွားမယ့် လုပ်ငန်းတွေ အားလုံးသဘောတူညီချက်ရအောင်လုပ်တဲ့ ကိစ္စ၊ နိုင်ငံရေးဆွေးနွေး မှာမပါဘူး၊ နိုင်ငံရေးဆွေးနွေးမှာက နောက် အစိုးရပြောင်း ပြီးတော့မှ ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်မှာ လက်ရှိ ဦးအောင်မင်းတို့လုပ်ထား တာကို အသိအမှတ်ပြုတဲ့ပွဲ၊ အဲ့မှာပြောကြ၊ ဆိုကြလိမ့်မယ်၊ ဒါပေမယ့် ဆုံးဖြတ်ချက်ချမှာတော့ မဟုတ်ဘူး"

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို လာမယ့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပ မှာဖြစ်ပြီး အဲဒီညီလာခံမှာ အစိုးရ၊ လွှတ်တော် ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် စုစုပေါင်း ၇၀၀ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ နဲ့ပတ်သက်ပြီး ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်မြင့်ထွန်းကို RFA သတင်းထောက် ကိုမျိုးဇော်ကို က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။