အပစ်ရပ်အဖွဲ့ ၈ဖွဲ့ ကိုယ်စား လှယ်တွေ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံ


2017.01.23
ppst-dassk-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော် NRPC ရုံးမှာ တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office/ Facebook

မြန်မာနိုင်ငံမြောက်ပိုင်းက တိုက်ပွဲတွေအကြောင်း၊ ဒုတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံအကြောင်းနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်တချို့ရဲ့ အမှုကိစ္စတွေကို အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်က NRPC ရုံးမှာ ဒီနေ့မနက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့က KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီနီးပါးကြာတွေ့ဆုံခဲ့ပါတယ်။

အစိုးရဘက်က လက်မှတ်မထိုးရသေးတဲ့ KIA ၊ TNLA၊ MNDAA၊ AA စတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအပြင် မိုင်းလား၊ ၀ တပ်ဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေကို အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က ရှင်းပြကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ အကောင်းဘက်ကို ဦးတည်နေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

ဒါ့အပြင် NCA မှာ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စတွေကို လည်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တေ့ွဆုံပြီးနောက် ALPနဲ့ ABSDF က ကိုယ်စားလှယ်တွေဟာ ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေး ဖမ်းဆီးခံရတဲ့ကိစ္စ၊ ALP က တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနဲ့ နေပြည်တော်က သင်္ဂဟဟိုတယ်မှာ သီးသန့် တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဘက်က KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ ၊ ABSDF ဥက္ကဌ ဦးသံခဲ၊ ALP က ခိုင်စိုးနိုင်အောင်၊ RCSS က ဦးခွန်ဆိုင်းတို့ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်က ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။