PR စနစ်ကို တိုင်းရင်းသားပါတီတွေ ကန့်ကွက်ဆန္ဒပြမည်


2014.06.20
nbf-305 ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF တိုင်းရင်းသားပါတီ ၂၀ လောက်နဲ့ စုဖွဲ့ထားတာဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့က ပါတီဝင် တချို့ကို မြင်တွေ့ရစဉ်
Photo: Win Naung Toe / RFA

PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းရင်းသားနိုင်ငံရေး ပါတီ ၂၀ နဲ့  စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ NBF ခေါင်းဆောင်တွေက ဒီကနေ့ ပြောပါတယ်။

နေပြည်တော် မောခမ်းနွံစားသောက်ဆိုင်မှာ NBF အဖွဲ့ဝင်တွေ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း NBF အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က အခုလိုပြောပါတယ်။

"ကျနော်တို့ ထုတ်ပြန်တဲ့အခါမှာ ပြည်နယ်တွေကို ကွက်ပြီးမလုပ်ဖို့ တောင်းဆိုမှာမဟုတ်ဘူး၊ ဒီ PR စနစ်နဲ့ ပတ်သက်လို့ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ တောင်းဆိုမှာပါ၊ မိမိရဲ့ မဲတစ်မဲဟာ ဘယ်လောက် တန်ဖိုးရှိမှန်း ပညာပေးဖို့ အများကြီးလိုပါတယ်၊ အဲဒါကြောင့် ကျနော်တို့နိုင်ငံရဲ့ ပညာရေး၊ ကျေးလက်နွမ်းပါး မှုတွေ ထောက်ထားပြီးတော့ပေါ့ဗျာ၊ လက်ရှိစနစ်ရဲ့ အားနည်းချက်ကို အားသာချက်ဖြစ်အောင်ပြောင်းပြီး မှ တော်တော်လေးကြိုးစားဖို့လိုတယ်၊ နောက်စနစ်တစ်ခုကို ပြောင်းတာမျိုးက လိုအပ်ရင် နောက်မှပြောင်းဖို့ပေါ့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကပဲ ကျနော်တို့တင်ပြမှာ"

ဒါ့အပြင် NBF အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေက ပီအာ (PR)  ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့အကြောင်း စုပေါင်းလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဆီကို တင်ပြဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးပေးဖို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းတာဖြစ်ပြီး အဲ့ဒီအဆိုကို ကန့်ကွက်ဆွေးနွေးသူတွေရှိပေမဲ့ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများတဲ့အတွက် အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပြီး မကြာခင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကို ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်၊ ရခိုင်အမျိုးသားပါတီ၊ ချင်းအမျိုးသားတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ တအာင်းအမျိုးသားပါတီ ၊ အင်းအမျိုးသား ဖွံံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီစတဲ့ တိုင်းရင်းသားပါတီ ၂၀ နဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုကျော်သူ မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။