ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင် ကို NBF ကန့်ကွက်
2016.08.27

ရခိုင်ပြည်နယ်အရေးကိစ္စကို တိုင်းရင်းသားတွေပဲ စုပေါင်းဖြေရှင်းသင့်တာကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ပြည်ပနိုင်ငံသား ၃ ဦး ပါဝင်နေတာကို တိုင်းရင်းသားပါတီ ၂ဝ ကျော်က ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း NBF ကန့်ကွက်လိုက်ပါတယ်။
အကြံပေးကော်မရှင်မှာ နိုင်ငံခြားသား သုံးယောက် ပါဝင်ဦးဆောင်မှာကို မကြိုက်တဲ့အတွက် ထုတ်ပြန်တာဖြစ် တယ်လို့ NBF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ပြောပါတယ်။
"အဓိကတော့ ကျွန်တော်တို့က ပြည်တွင်းရေးကို ပြည်ပကလာပြီး ဝင်ရောက်စွက်ဖက် ချယ်လှယ်မှာကို ကျွန်တော်တို့က မနှစ်သက်တာပေါ့နော်၊ ပြည်တွင်းရေးကိစ္စကိုက ကျွန်တော်တို့ ပြည်တွင်းက နိုင်ငံ သားတွေနဲ့ တိုင်းရင်းသားတွေနဲ့ပဲ ဖြေရှင်းသင့်တယ်လို့ ကျွန်တော်တို့ ထင်တယ်လေ၊ ဒီကော်မရှင်ကိုတော့ ကျွန်တော်တို့က ဒါ နိုင်ငံခြားကနေလာပြီး သုံးယောက် ဦးဆောင်မှာကို ကျွန်တော်တို့က မကြိုက်ဘူး၊ မကြိုက်ရင် မကြိုက်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ရင်ဖွင့်တဲ့ သဘောပါ" လို့ ပြောတာဖြစ်ပါတယ်။
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းကို တိုင်းရင်းသားပါတီပေါင်း ၂၂ ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ခေါင်းဆောင်အဖြစ်ထားရှိမယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က ဖဲ့ွစည်းလိုက်တာဖြစ်ပါတယ်။
အဲ့ဒီကော်မရှင်ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းလိုတဲ့အတွက် အရေးပေါ်အစည်းအဝေးခေါ်ယူပေးဖို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးက လက်မှတ်ရေးထိုးတောင်းဆို ထားပါတယ်။
ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေအရ ကိုယ်စားလှယ် ၄၇ ဦးရှိတဲ့အထဲက ၃ ပုံ ၁ ပုံက လက်မှတ်ရေးထိုးတောင်း ဆိုရင် အရေးပေါ်အစည်းအဝေး ခေါ်ယူပေးရမှာဖြစ်ပါတယ်။