ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ အဖမ်းခံ
2019.06.19

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မ ဖြစ်သူ မနေဇာထွန်းဟာ ဒီနေ့မနက်က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ သွားရောက်အဖမ်းခံပါတယ်။
ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ မနေဇာထွန်းက သွားရောက် အဖမ်းခံခဲ့ပြီး သူမကို မိသားစုဝင်တွေက တရားရုံးကို သွားရောက်ပို့ဆောင်ပေးခဲ့ကြတာပါ။
တရားရုံးမှာ သွားရောက်အဖမ်းခံစဉ် မနေဇာထွန်းက သူနဲ့သူ့ရဲ့မောင်ဖြစ်သူအပေါ် မတရား တရားစွဲဆိုပြီး ဖမ်းဆီးနေတာတွေကို တရားဥပဒေအရ အကာအကွယ်ရလိုတယ်လို့ တောင်းဆိုခဲ့ပါတယ်။
"သမ္မတကြီး ဦးဝင်းမြင့်ကို တောင်းဆိုပါတယ်။ ကျမမောင်လေးက အသက် ၁၃ နှစ်အရွယ် ကလေးစစ်သားဘဝထဲက လူငယ်ဘဝ ကလေးဘဝလည်း ဆုံးရှုံးခဲ့ရတယ်။ ဒါကို အားမရသေးဘူး အမြင့်ဆုံးပြစ်ဒဏ်တွေ ချခဲ့တယ်။ ဒါမှလည်း အားမရဘူး အခုတရားစွဲဆိုဖို့အတွက် ထပ်ပြီးတော့ စီစဉ်နေတယ်။ ဒါကိုအစ်မဖြစ်သူက လိုက်ပါဆောင်ရွက်တာကို ညက လာဖမ်းပါတယ်။ ကျမမောင်လေး အပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတယ်။ ဥပဒေအရ အကာအကွယ် ကျမတို့ ရလိုပါတယ်"
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အမဖြစ်သူ မနေဇာထွန်းဟာ ၂၀၁၈ ခုနှစ်က မောင်ဖြစ်သူ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၅၃ ရုန်းရင်းဆန်ခတ်မှုဖြစ် စေရန် သဘောနဲ့ကြံရွယ်ပြီး ရန်စမှုပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတာပါ။
သူမကို ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တရားရုံးက တရားခံပြေးအဖြစ် ကြေညာထားပေမယ့် မိသား စုဝင်တွေထံကို ဖမ်းဝရမ်း ပို့ဆောင်တာမရှိဘူးလို့ မိသားစုတွေက ပြောပါတယ်။
တရားစွဲပြီး တစ်နှစ်ခွဲနီးပါးကြာမြင့်မှ မနေဇာထွန်း လက်ရှိနေထိုင်ရာ တာမွေမြို့နယ်က သူမရဲ့ ညီမဖြစ်သူ နေအိမ်ကို ရဲတပ်ဖွဲ့က မနေ့ညက ဝင်ရောက်ရှာဖွေခဲ့တာပါ။
ရဲတပ်ဖွဲ့က နေအိမ်ကို နှစ်ကြိမ်တိုင် လာရောက်ရှာဖွေခဲ့တဲ့ အကြောင်းကို မနေဇာထွန်းရဲ့ ညီမဖြစ်သူ မသိင်္ဂ ီက အခုလို ပြောပါတယ်။
"ပထမတစ်ခါကလာတာတော့ ၄၊ ၅ ယောက်ပဲရှိတယ်။ အဲတစ်ခေါက်ကတော့ ပြေပြေလည်လည်ပဲ။ မနက်ဖြန်ကျရင် လာပို့ပေးမယ်။ ဝရမ်းထုတ်ထားတာကို အစ်မတို့လည်း မသိဘူးလို့ ပြောလိုက်တယ်။ အခုအိမ်ပေါ်တက်လာမှသိတာ။ အခုအစ်မကလည်း အိမ်မှာမရှိဘူး။ ရှိရင်လည်း အစ်မ အစ်မက ချက်ခြင်းလိုက်မှာလို့ ပြေပြေလည်လည် ပြောလိုက်တော့ သူက ဆင်းသွားတယ်။ ဒုတိယအခေါက်ကျမှ ရဲကားတွေလည်း နည်းတာမဟုတ်ဘူး။ ဆိုင်ကယ်တွေလည်း နည်းတာမဟုတ်ဘူး။ တိုက်ကလူတွေ အုန်းအုန်းကျွက်ကျွက်ဖြစ် ရပ်ကွက်ကလူကြီးတွေရော ဝုန်းဝုန်းဒိုင်းဒိုင်း တက်လာပြီး စခန်းမှူး ကိုယ်တိုင်လာစစ်တာ၊ အခန်းတွေလည်း အကုန်စစ်ချင်တယ်ဆိုတော့ ကျမလည်း အခန်းတွေထဲ အကုန်ပေးစစ်လိုက်တယ်"
ကိုအောင်ကိုထွေး လွတ်မြောက်ရေး ဆန္ဒပြခဲ့မှုနဲ့ ပတ်သက်လို့ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်မှူး ရဲမှူး မောင်မောင် က မနေဇာထွန်းအပါအဝင် ခြောက်ဦးကို တရားစွဲဆိုထားတာဖြစ်ပြီး နှစ်ဦးက ပြစ်ဒဏ်ကျခံပြီး ဖြစ်ပါတယ်။
မနေဇာထွန်းအပါအဝင် သုံးဦးက လက်ရှိ တရားရင်ဆိုင်နေဆဲဖြစ်ပြီး တစ်ဦးကတော့ လွတ်မြောက် နေဆဲ ဖြစ်ပါတယ်။
မနေဇာထွန်းကို တရားစွဲဆိုထားမှုနဲ့ ပတ်သက်လို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူးမောင်မောင်က
"တရားသူကြီးကို ရန်စတဲ့သဘောနဲ့ တရားရုံးကိုရောက်လာတဲ့ အများပြည်သူတွေကော ရဲတပ်ဖွဲ့တွေကော၊ တရားရေးအဖွဲ့တွေကော ခြောက်လှန့်အောင် သူတို့က အကြည်ညိုပျက်အောင် အော်ဟစ် ပြောဆိုတာ။ တရားရုံးထဲမှာ နိုင်ငံတော် အကြည်ညိုပျက်အောင် အော်တာဟစ်တာလုပ်ရင် တရားစွဲတာပဲ။ ကျန်တရားရုံးတွေမှာဆိုလည်း ရဲတပ်ဖွဲ့က မဟုတ်ရင် ထွေအုပ်က စွဲကြတယ်"
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးက မနေဇာထွန်းကို လာမယ့် ဇွန်လ ၂၅ ရက်နေ့ကို ရုံးချိန်း ချိန်းဆိုလိုက်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း နဲ့ ကိုအောင်သိင်္ခ တို့ ပေးပို့တာပါ။