ကလေးစစ်သားဟောင်းကို ဝန်းရံသူများအမှု ဆက်လက်စစ်ဆေး
2019.08.20

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦး အမှုမှာ မနေဇာထွန်းနဲ့ ပတ်သက်ပြီး တရားလိုဖြစ်သူ ရဲမှူးချုပ်မောင်မောင်ရဲ့ တိုင်ကြားမှုတွေ လွဲချော်နေတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောပါတယ်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ တိုင်ကြားထားတဲ့ တိုင်ကြားစာနဲ့ တရားလို တင်သွင်းတဲ့ သက်သေခံပစ္စည်း ဗီဒီယိုဖိုင်မှာ ပါဝင်တဲ့အချက်တွေ လွဲချော်နေတာဖြစ်ကြောင်း မနေဇာထွန်းရဲ့ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ မနေဇာထွန်းအပါအဝင် ၃ ဦးကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။
မနေဇာထွန်းဟာ ထောင်အတွင်းမှာ ကျန်းမာရေးမကောင်းဘူးလို့ အစာအိမ်နဲ့ ပတ်သက်ပြီး ကုသမှုလိုအပ်နေတယ် လို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။
မနေဇာထွန်းဟာ ၂၀၁၈ ခုနှစ်က မောင်ဖြစ်သူ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ပြန်လည် လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၅၃ ရုန်းရင်း ဆန်ခတ်မှုဖြစ်စေရန် သဘောနဲ့ကြံရွယ်ပြီး ရန်စမှုပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတာပါ။
အမှုကို လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ပြန်လည် ကြားနာတဲ့အခါ တရားလိုပြသက်သေတစ်ဦးကို ဆက်လက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)