လွတ်ရက်စေ့လို့ ကိုအောင်ကိုထွေး လွတ်မြောက်
2019.09.06

ကလေးစစ်သားဘဝ အတွေ့အကြုံတွေကို သတင်းမီဒီယာကတဆင့် ထုတ်ဖော်ပြောကြားခဲ့တာကြောင့် တပ်မတော်က တရားစွဲဆိုလို့ ထောင်ကျခဲ့သူ ကိုအောင်ကိုထွေးဟာ ဒီနေ့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်မြောက်လာပါတယ်။
ကိုအောင်ကိုထွေးဟာ အသက် ၁၃ နှစ်အရွယ်မှာ ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး သူ့ရဲ့ကလေးစစ်သားဘ၀ အတွေ့အကြုံတွေကို သတင်းမီဒီယာကတဆင့် ပြောကြားခဲ့တာကြောင့် တပ်မတော်က နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆိုပြီးထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
အဲဒီအမှုကို ရင်ဆိုင်နေစဉ်မှာလည်း တရားရုံးမထီမဲ့မြင့်မှုနဲ့ ထပ်မံတရားစွဲဆိုခံရပြီး ထောင်ဒဏ် ၆ လ ချမှတ်ခံထား ရတာပါ။
အင်းစိန်ထောင်ကနေ လွတ်မြောက်လာစဉ်မှာ ကိုအောင်ကိုထွေးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးဖို့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိဖို့ နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ လိုအပ်တယ် လို့ ပြောပါတယ်။
သူလွတ်မြောက်လာတဲ့အပေါ် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ပြောတာက
“လွတ်မြောက်လာတဲ့အပေါ် ခံစားချက်ထူးထူးခြားခြားမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေဟာ ပိတ်ပင်ခံထားရတယ် ကျနော်တို့ နိုင်ငံမှာ”
သူဟာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တဲ့အတွက် အင်းစိန် အကျဉ်းထောင်မှာ ရက်ပေါင်း ၇၅၀ ကြာ နေထိုင်ခဲ့ရတာဖြစ်ပါတယ်။
အဌမတန်း ကျောင်းသားဘဝထဲက တပ်မတော်ထဲ ရောက်ရှိခဲ့ပြီးနောက် အကျဉ်းထောင်အတွင်း နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာ နေထိုင်ခဲ့ရတဲ့ မောင်ဖြစ်သူ လွတ်မြောက်လာတဲ့အပေါ် ကိုအောင်ကိုထွေးရဲ့ အစ်မ မသိဂီ ၤက --
“အရမ်းပျော်ပါတယ်။ ညကဆို အိပ်လို့တောင်မရဘူး။ ခဏခဏ လွတ်မယ်ပဲပြောတာလေ။ လွတ်ငြိမ်းလည်း မပါခဲ့ဘူး။ ဒါအခု သူလွတ်တယ်ဆိုတာလည်း သူရဲ့ ရက်အပြည့်နေပြီးမှ လွတ်တာပါ”
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ဒီနေ့ ကိုအောင်ကိုထွေး လွတ်မြောက်တာ ဟာ မင်္ဂလာသတင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ငြိမ်းချမ်းစွာ လုပ်ဆောင်တာဖြစ်တဲ့အတွက် သူဟာ အစကတည်းက ဖမ်းဆီးထောင်ချခြင်း မခံရသင့်ဘူးလို့လည်း AI အဖွဲ့က ဆိုထားပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အားလုံးကိုလွှတ်ပေးဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားတဲ့ ဥပဒေအားလုံးကို ပြင်ဆင် ဖျက်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ လက်ရှိမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၅၁ ဦးရှိပြီး၊ အမှုရင်ဆိုင်နေရသူ ၄၇၅ ဦးရှိပါတယ်။
အမှုရင်ဆိုင်နေရသူ ၄၇၅ ဦးထဲမှာ ၁၇၆ ယောက်ဟာ ထောင်တွေအတွင်းကနေ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ AAPP စာရင်းတွေအရ သိရပါတယ်။
AAPP အဖွဲ့ဝင် ဦးအောင်မျိုးကျော်က - လက်ရှိမှာ နိုင်ငံရေးအကျဉ်းသားတွေ အများရှိနေပြီး နိုင်ကျဉ်းအားလုံး လွတ်မြောက်သင့်တယ်လို့ ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား တစ်ယောက်ရှိရင် အရမ်းများပြီလို့ ပြောထားခဲ့ဖူးတယ်။ အခုဟာက နိုင်ငံရေးအကျဉ်းသား တော်တော်များနေတာပေါ့နော်။ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိလွတ်မြောက်သင့်တယ်။ နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်ပြီး အမှုရင်ဆိုင်နေရသူတွေလည်း ခြွင်းချက်မရှိ တရားရုံးတွေက အမှုပိတ်သိမ်းသင့်တယ်”
ကိုအောင်ကိုထွေးဟာ နောက်ထပ် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေ ပုဒ်မ ၇ နဲ့လည်း လက်ရှိမှာ ရင်ဆိုင်နေရဖွယ်ရှိပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြေထောက်နဲ့နင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲတပ်ဖွဲ့က ပုဒ်မ(၇) နဲ့ တရားစွဲဆိုထားတာကို စစ်ဆေးပြီး ၂၀၁၈ အောက်တိုဘာလမှာ ဗိုလ်တထောင်မြို့နယ် တရားရုံးက အမှုကို အပြီးပြတ်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီနှစ်ဇွန်လမှာတော့ အဲဒီအမှုကို ပြန်လည်စိစစ်ပေးဖို့ ရန်ကုန်တိုင်း ဥပဒေရုံးက အယူခံဝင်ထားပါတယ်။
ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီနေ့ ကိုအောင်ကိုထွေး လွတ်မြောက်လာမှုအပေါ် စိုးရိမ်စိတ်တွေနဲ့သာ ကြိုဆိုကြောင်း ပြောပါတယ်။
“ကိုအောင်ကိုထွေး လွတ်တာကို ငိုလို့ရယ်လို့မရတဲ့ မျက်နှာလိုပဲ စိုးရိမ်စိတ်တွေနဲ့ ကြိုဆိုပါတယ်။ တိုင်းဥပဒေ အရာရှိ ဦးအုန်းသန်းက ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးပါလို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ရာဇဝတ်အယူခံမှုကလည်း တင်သွင်းထားတော့ အကျဉ်းစခန်းက လွတ်မြောက်လာပေမယ့်လို့ ဘဝသစ်ကို ထူထောင်ဖို့တောင် စိုးရိမ်စိတ်တွေနဲ့ လုပ်ရမယ့် အနေအထား ဖြစ်နေတယ်”
ပုဒ်မ ၇ အမှုအတွက် လာမယ့် ဒီဇင်ဘာလလောက်မှာ အယူခံကြားနာနိုင်ချေရှိတယ်လို့လည်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆက်ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကိုအောင်ကိုထွေးကို ဆက်လက်စွဲဆိုထားတဲ့ အမှုအားလုံးကို ရုပ်သိမ်းဖို့ အချက်လည်း တောင်းဆိုထားပါတယ်။
တဖက်မှာလည်း ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့လို့ သူ့ရဲ့အစ်မဖြစ်သူ မနေဇာထွန်းဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှု ပုဒ်မ ၂ ခုနဲ့ တရားစွဲခံထားရပြီး အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာ ၃ လခန့်ရှိနေပြီ ဖြစ်ပါတယ်။
မနေဇာထွန်းကိုလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းမှာ ထည့်သွင်းထားပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)