စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုတဲ့ လွှတ်တော်အမတ်များ အခွန်ပေးရမည်
2016.08.01

နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ရေးရာ ကော်မရှင် အဖွဲ့ဝင်တွေဟာ တစ်ရက် အခန်းငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ ဒီနေ့ ပြည်သူ့လွှတ်တော်ရုံးက ကြေညာလိုက်ပါတယ်။
တစ်ရက် အခန်းငှားရမ်းခ ငွေကျပ် ၅ဝဝဝ အပေါ်မှာ ငါးရာခိုင်နှုန်း ၂၅၀ ကျပ်ကို ပေးဆောင်ရမှာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ က ပြောပါတယ်။
"အရင်တုန်းကတော့ အမတို့ကို တခါမှမကောက်ခဲ့ဘူး၊ အခု ၁ ရက်နေ့ကနေ ကောက်မယ်ဆိုတဲ့အပေါ်မှာ အမတို့ စားသောက်ဆိုင်မှာ သွားစားတဲ့အခါလည်း စားသောက်တဲ့ ရာခိုင်နှုန်းအလိုက် အမတို့ပေးနေရတာတွေ ရှိပါတယ်၊ နောက်တခါ စည်ပင်မှာလည်း အခုဆိုရင် အမတို့ကို အခန်းခ ငါးထောင်ကောက်တယ်ပေါ့၊ အဲ့အပေါ်မှာ ထပ်ပြီးတော့ အမတို့ကို ကုန်သွယ်ခွန်၂၅ဝ ထပ်ကောက်မယ်ဆိုတယ်ပေါ့၊ ဒီကုန်သွယ်ခွန်ကို အစိုးရအနေ နဲ့ကောက်တာကို အမတို့အနေနဲ့ ဘာမှမပြောလိုပါဘူး"
အရင်အစိုးရလက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဝင်ငွေခွန်သာ ပေးဆောင်ခဲ့ရတာဖြစ်ပါတယ်။
စည်ပင်ဧည့်ရိပ်သာရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်ကင်းလွတ်ခွင့်မရှိတဲ့ အတွက် ဝန်ဆောင်မှုရယူသူတွေထံကနေ တစ်ပါတည်း ကောက်ခံပြီး ပြည်တွင်းအခွန်များဦးစီးဌာနထံ ပေးသွင်း ရမယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက ပြည်သူ့လွှတ်တော်ရုံးထံ ပေးပို့လာတာဖြစ်ပါတယ်။
အခွန်ကောက်ခံမှုဟာ ဒီနေ့ သြဂုတ်လ ၁ ရက်နေ့က စတင်အကျုံးဝင်မှာဖြစ်ပါတယ်။ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ အမှတ် ၂ မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၀၀ ကျော် တည်းခိုပြီး လွှတ်တော်တက်ရောက်ကြတာဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို မဝေယံမိုးမြင့် က မေးမြန်းတင်ပြထား ပါတယ်။