အများကျေနပ်အောင် တာဝန် ထမ်းဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2016.03.28
dassk-pm-620.jpg ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ မတ်လ ၂၈ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်
Photo: Myo Thant Khaing/ RFA

ပြည်သူလူထု စိတ်မပျက်ကြရအောင် မြို့နယ်အသီးသီးမှာ တာဝန်ကျေကျေပွန်ပွန်ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က အန်အယ်လ်ဒီပါတီ လွှတ်တော် ကိုယ်စားလှယ်အားလုံးကို ဒီနေ့ တိုက်တွန်း မှာကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်မှာ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ရတော့မှာဖြစ်တဲ့အတွက် NLD ကိုယ်စားလှယ်တွေကို နောက်ဆုံးတွေ့ဆုံပြီး မှာကြားခဲ့တာဖြစ်တယ်လို့ ပါတီရဲ့အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။

"နိုင်ငံရေးသဘောတရားတွေရယ် နောက်ကို ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာရယ် အရေးကြီးဆုံး က ပြည်သူလူထု စိတ်မပျက်အောင်လို့ ကိုယ့်မြို့နယ်အသီးသီးမှာ တာဝန်ကျေရအောင် လုပ်နိုင်ဖို့တိုက်တွန်း တာပေါ့၊ သူပြောတဲ့အထဲမှာ ကျနော်တို့ NLD က နှစ်ပေါင်း ၃ဝ နီးပါးလောက် ဆင်းဆင်းရဲရဲနဲ့ ရုန်းကန်ရတယ်၊ အခုအချိန်မှာ မချမ်းသာသော်လည်းပဲ ချမ်းသာမယ့်လမ်းစတွေတွေ့နေပြီ၊ အဲ့တော့ ချမ်းသာဒဏ်ကို ခံနိုင်အောင် ကြိုးစားကြပါ၊ ချမ်းသာဒဏ်ကို မခံနိုင်ရင် ကျနော်တို့ ပြည်သူလူထုကိုထားခဲ့တဲ့ ကတိတွေတည်မှာမဟုတ်ဘူး ၊ ပြည်သူလူထုကောင်းကျိုးလည်း လုပ်နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ကိုယ့်မြို့နယ် ကိုယ့်ဒေသမှာ တိုးတက်ရာ တိုးတက်ကြောင်းကိစ္စတွေကို ကြိုးစားလုပ်ဆောင်ပါလို့ သူတိုက်တွန်းသွားတာပါ၊ နောက်တစ်ခုက ဒီမှာနေတာ ထိုင်တာ စားတာသောက်တာတွေနဲ့ ပတ်သက်လို့ အခွင့်အရေးမယူကြပါနဲ့ အခွင့်အရေးမတောင်းကြပါနဲ့ ဆင်းဆင်းရဲရဲနေကြတာကိုပဲ ဂုဏ်ယူကြပါ လို့ပြောသွားတယ်"

အစိုးရအဖွဲ့မှာ ဝန်ကြီးတာဝန်ထမ်းဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီဥက္ကဌ တာဝန်တွေ ဆောင်ရွက်ခွင့်မရှိတော့သလို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကလည်း နှုုတ်ထွက်ရမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေး၊ ပညာရေး၊ လျှပ်စစ်နဲ့ စွမ်းအင်နဲ့ သမ္မတရုံးဝန်ကြီးဌာန လေးခုကို တာဝန်ယူမယ်လို့ သတင်းထွက်နေပါတယ်။

အန်အယ်လ်ဒီ ပါတီကို ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်းနဲ့ ဒေါက်တာ မျိုးအောင်တို့ ပါဝင်တဲ့ ပါတီဗဟိုအတွင်းရေးမှူးအဖွဲ့က ဆက်လက်ဦးဆောင်မှာဖြစ်ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ နဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် အားလုံး တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။