ဆန္ဒပြခွင့် ဥပဒေမူကြမ်း အမျိုးသားလွှတ်တော် အတည်ပြု
2011.10.27

AFP PHOTO/POOL/NYEIN CHAN NAING
စက်တင်ဘာလ အတွင်းက အောက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ဆန္ဒပြခွင့် ဥပဒေမူကြမ်းပါ ပြဌာန်းချက် တွေထဲက ဆန္ဒပြလိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးကို ခုနှစ်ရက် ကြိုတင် အကြောင်းကြားရမယ် ဆိုတဲ့ အချက်အပါအဝင် အချက်အလက်တချို့ကို ပြန်လည်ပြင်ဆင်ပြီး အတည်ပြုလိုက်တာ ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။
“ဆန္ဒပြမယ်ဆိုတာက ဆန္ဒပြလိုတဲ့ အကြောင်းအရာတွေကို အချိန်ကန့်သတ်တာကြောင့် စောစောစီးစီး ခွင့်ပြုသင့်တယ်ဆို တာမျိုးနဲ့ ဆွေးနွေးပါတယ်။ အဲဒါကို ဥပဒေမူကြမ်း ကော်မတီနဲ့ ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေ ပြန်ဆွေးနွေးတဲ့ အခါမှာ တစ်ပတ်ဆိုတာများတယ်။ ငါးရက် သတ်မှတ်မယ်ဆိုတာ ဖြစ်သွားတယ်။”
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်တွေထဲမှာ ကြွေးကြော်သံတွေ ကြွေးကြော်ရာမှာ လက်ကိုင် အသံချဲ့စက်အသုံးပြုခွင့်၊ အဖွဲ့အစည်းတွေ အနေနဲ့ ဆန္ဒပြရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက် မှတ်တမ်းပါရှိဖို့နဲ့ ဆန္ဒပြခွင့် လျှောက်ထားရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက သတ်မှတ်တဲ့ အခြေခံ စည်းမျဉ်းမှအပ ခိုင်လုံတဲ့ အကြောင်းပြချက် ပါရှိက ခွင့်ပြုရန် စတဲ့ အချက်တွေ အပါအဝင် တစ်ကိုယ်တော် ဆန္ဒပြခွင့်ကိုလည်း ထည့်သွင်း ပြဋ္ဌာန်းလိုက်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဗုဒ္ဓဘာသာ သံဃာတော်များကို ဆန္ဒပြခွင့် မပြုတဲ့ တားမြစ်ချက် ထည့်သွင်းဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်တစ်ဦးက အင်္ဂါနေ့က ဆွေးနွေးတင်ပြချက်ကို အမျိုးသားလွှတ်တော်က ပယ်ချလိုက်တယ် လို့လည်း သိရပါတယ်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှွတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ကြောင်း လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောပါတယ်။
“အရင်တုန်းက ပါတီဝင်ဆိုရင် ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်း ဆိုတဲ့ ပုဒ်မ (၁၀ င) မှာ သတ်မှတ်ထားတာ ဒါကို ပယ်ဖျက်လိုက်ပြီ။ နောက်တစ်ခုက လွှတ်တော် သက်တမ်း တစ်ရပ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက်မှာ နောက်ပိုင်းမှာ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေပေါ့ သူတို့က အနည်းဆုံး နေရာ ၃ သုံးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်။” လို့ ဦးသိန်းညွန့်က ပြောပါတယ်။
အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီဥပဒေ မူကြမ်းကို ပြည်သူ့လွှတ်တော်က ထပ်ဆင့် အတည်ပြု လိုက်တဲ့အတွက် သမ္မတက လက်မှတ်ထိုးပြီးတာနဲ့ ဒီဥပေဒ အတည်ဖြစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။