ဒေါက်တာအေးမောင်ကို လွှတ်တော်အမတ်အဖြစ်ကနေ ရုပ်သိမ်း
2020.05.20
ရခိုင်အမျိုးသားပါတီ ANP ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ်ကနေ၊ ရုပ်သိမ်းကြောင်းနဲ့ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာလည်း ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုတော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။
နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေလ ၁၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းတဲ့အပြင်၊ လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေါက်တာအေးမောင်ကို ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းလိုက်တာဟာ၊ ရခိုင်ပြည်သူတွေအနေနဲ့ နိုင်ငံရေး လမ်းကြောင်း၊ လွှတ်တော်လမ်းကြောင်းအပေါ်မှာ စိတ်ကုန်ပြီးတင်းမာတဲ့ လက်နက်ကိုင် လမ်းကြောင်းကို ရောက်သွားနိင်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP က မြေပုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
"တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေတောင်မှ တစ်ဖက်နဲ့ တစ်ဖက် သူသေကိုယ်သေ တိုက်နေတဲ့ သူတွေတောင်မှ ဒီပုဒ်မမျိုးနဲ့ မစွဲဘဲနဲ့ တရားဝင်ဖွဲ့တဲ့ ပါတီခေါင်းဆောင်တစ်ယောက်ကို ဒီပုဒ်မမျိုးနဲ့ အရေးယူတယ်ဆိုတာ တော်တော်လေးကို ပြင်းထန်ပြီးတော့ ဆိုးကျိုးတွေ အနာဂတ်မှာ တလွဲအယူအဆတွေ ပေါ်ပေါက်လာပြီးတော့ လွှတ်တော်လမ်းကြောင်း နိုင်ငံရေးလမ်းကြောင်းပေါ်မှာ လူထုစိတ်ကုန်သွားတဲ့ အဖြစ်မျိုးနဲ့ ကြုံသွားရနိုင်တယ်။ ဒါကြောင့်ပိုပြီးတော့ တင်းမာတဲ့ လက်နက်ကိုင် လမ်းကြောင်းပေါ်ကို ရောက်သွားနိုင်တာပေါ့ဗျာ"
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော် ကလည်း၊ ဒေါက်တာအေးမောင်ကို ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းပြီး ရွေးကောက်ပွဲတွေမှာလည်း ဝင်ပြိုင်ခွင့် မရတော့တာဟာ သူ့ကို နိုင်ငံရေးသေအောင် လုပ်လိုက်တာဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
"အခုကြေညာချက်ကို ကြည့်လိုက်ရင် ဒေါက်တာအေးမောင်ကို နောင်လာမယ့် ဘယ်ရွေးကောက်ပွဲမဆို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဖြစ်ခွင့်မရှိတော့ဘူး၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုတော့ဘူးပေါ့နော် အဲတော့ သဘောက ဒေါက်တာအေးမောင်ကို နိုင်ငံရေးကနေ ထွက်ခိုင်းလိုက်တဲ့သဘော သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်လို့ မရတော့ဘူးဆိုရင် သူ နိုင်ငံရေးသေပြီလို့ သဘောမျိုးပဲ သတ်မှတ်လို့ရတာပေါ့၊ ဒီလို ဆုံးဖြတ်ချက်ချတာက တော်တော်လေး ပြင်းထန်တယ်လို့ ကျတော်တော့ ယူဆတယ်"
ဒေါက်တာအေးမောင်ဟာ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည် နယ် အမ်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာပါ။
၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဟောပြောပွဲမှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်တာတွေကို ထည့်သွင်းဟောပြောခဲ့တယ်ဆိုပြီး ဒေါက်တာအေးမောင်ကို အစိုးရက တရားစွဲဆိုခဲ့တာပါ။
အဲဒီနောက် နိုင်ငံတော်ပုန်ကန်မှုအတွက် ထောင်ဒဏ်နှစ်၂၀နဲ့၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုအတွက်၂ နှစ်ကို တပေါင်းတည်းကျခံစေပြီး၊ စုစုပေါင်းထောင်ဒဏ်အနှစ် ၂၀ ကျခံဖို့ စစ်တွေခရိုင်တရားရုံးက၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်မှာ အမိန့်ချခဲ့တာပါ။
မေလ ၁၈ ရက်က ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်မှာတော့ ဒေါက်တာ အေးမောင်ဟာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ (ဃ) ပါ ပြဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် တရားရုံးက စီရင်ချက်အမိန့်ချတဲ့နေ့ကစပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ဖော်ပြထားပါတယ်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ (ဃ) မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ်ကျခံရရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရလို့ ပြဌာန်းထားပါတယ်။
NLD ပါတီရဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ ရွေးကောက်ပွဲကော်မရှင်က ဥပဒေအရ အခုလို ထုတ်ပြန်တာဖြစ်ပြီး ပြစ်ဒဏ်နဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိရင် နိုင်ငံတော်သမ္မတဆီဖြစ်ဖြစ် အယူခံ တက်ပိုင်ခွင့်ရှိမယ်လို့ ယူဆကြောင်း ပြောပါတယ်။
"ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ဒါကို အမိန့်ကိုချတာကို။ ဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲ ဆိုင်လိမ့်မယ်လို့ ကျတော် ထင်တယ် ဒါက တစ်ချက်ပေါ့လေ။ နိုင်ငံတော် သမ္မတဆီပဲဖြစ်ဖြစ် တရားရေးမှာ အမြင့်ဆုံးပုဂ္ဂိုလ်များဆီပဲဖြစ်ဖြစ် ဆက်ပြီးတော့ အယူခံတက်ပိုင်ခွင့် ရှိလိမ့်မယ်လို့တော့ ယူဆပါတယ်။ အမြဲတမ်း တစ်သက်မတ်တည်း မဟုတ်ပါဘူး ဒီဟာတွေကနော်။ နိုင်ငံရေးဆိုတာ ဒီလိုပဲ ဖြစ်တတ်ပါတယ်"
NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်ကတော့ ကော်မရှင်က အခုလို ထုတ်ပြန်တာဟာ ဥပဒေကြောင်းအရ လုပ်တာဖြစ်ပြီး ကိုယ်စားလှယ်အဖြစ် ရပ်စဲခံရတဲ့အတွက် နိုင်ငံရေးအရ ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတဲ့အပေါ် မှာတော့ သဘောထားမှတ်ချက် မပေးလိုကြောင်း RFA ကို ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေဟာ စိတ်ပျက်ဖို့ကောင်း ကြောင်းနဲ့ ဒေါက်တာအေးမောင်ကို အခုလို ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းလိုက်တာဟာ ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေးမှာ နိုင်ငံရေးအရ ကောင်းမွန်တဲ့ကိစ္စ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
"ကျတော်တို့ နဝတ၊ နအဖ ခေတ်တလျှောက်လုံးမှာ နိုင်ငံတော် ပုန်ကန်မှုတွေ အကြည်ညိုပျက်မှုတွေနဲ့ တရားစွဲဆိုခြင်း ခံရတဲ့သူတွေဟာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရွေးကောက်ပွဲဝင်ခွင့်ရနေတဲ့ ကာလမှာ လက်ရှိ ဒီမိုကရေစီရပါပြီဆိုတဲ့ကာလမှာ ဒီနိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်ကျလို့ အခုသက်တမ်းတင်မက နောင်သက်တမ်းတွေပါ ဝင်မပြိုင်ရဘူးဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေကတော့ အတော်စိတ်ပျက်စရာ ကောင်းတယ်လို့ပဲ မြင်ပါတယ်။ ဒါဥပဒေကြောင်းအရ ပြောမယ်ဆိုရင် ဒုတိယ နိုင်ငံရေးအရ ပြောမယ်ဆိုရင် ရခိုင်ပြဿနာက သဲကြီးမဲကြီးနဲ့ ဒီလောက်တင်းမာပြီးတော့ ပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ တွေ့ဆုံဆွေး နွေးအဖြေရှာဖို့ လိုအပ်နေတယ်လို့ ကျတော် တစ်ဦးချင်းအရ မြင်နေတဲ့အချိန်ကာလမှာ မြို့ပေါ်နိုင်ငံရေး သမားတစ်ယောက်ကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်တာရော ဥပဒေအရဆိုပြီး ရွေးကောက်ပွဲမှာ ထပ်ယှဉ် ပြိုင်ခွင့် မပြုတာရောက မြန်မာနိုင်ငံရေးအတွက် မကောင်းပါဘူး၊ အထူးသဖြင့် ရခိုင်ပြဿနာဖြေရှင်းရေး အတွက် နိုင်ငံရေးအရတော့ ကောင်းမွန်တဲ့ ကိစ္စမဟုတ်ဘူးလို့ မြင်ပါတယ်"
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA က ရွေးကောက်ပွဲ ကော်မရှင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ၂၀၁၈ ဇန်နဝါရီလကတည်းက ဖမ်းဆီး တရားစွဲခဲ့တာမို့ အခုဆိုရင် ထောင်ထဲမှာ အကျဉ်းချခံထားရတာ ၂ နှစ်ကျော်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်း တစ်ရက် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒေါက်တာအေးမောင် ပြန်လွတ်လာဖို့ သူ့မိသားစုနဲ့ ရခိုင်ပြည်သူ တွေက မျှော်လင့်ခဲ့ပေမယ့် ပြန်လွတ်မလာခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီနှစ်ဆန်းတစ်ရက်နေ့မှာပဲ သမ္မတအမိန့်နဲ့ ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံနေရသူတွေကို ထောင်ဒဏ် လေးပုံ တစ်ပုံ လျော့ပေါ့လိုက်တာကြောင့် ဒေါက်တာအေးမောင်က ထောင်ဒဏ် နှစ် ၂၀ ကနေ ၁၅ နှစ်သာ ကျခံရမှာဖြစ်ပါတယ်။