ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့ကို လွတ်ငြိမ်းခွင့်ပေးဖို့ တောင်းဆို
2020.12.17

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ကို ပြစ်ဒဏ်ကနေပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပက ထောက်ခံလက်မှတ်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေကို စာပေးပို့ တောင်းဆိုထားပါတယ်။
အွန်လိုင်းကနေ လက်မှတ်တွေ ကောက်ခံတာဖြစ်ပြီး လက်မှတ်ပေါင်း ၁၃၅ ခုနဲ့အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ထံကို ဒီဇင်ဘာလ ၁၅ ရက်နေ့က စာရေးသားပေးပို့လိုက်တယ်လို့ လက်မှတ်တွေကို စုဆောင်းပို့တဲ့ ဦးခိုင်မြတ်ကျော် က RFA ကို မနေ့က ပြောပါတယ်။
လက်မှတ်ဦးဆောင်ကောက်ခဲ့တဲ့ ဦးခိုင်မြတ်ကျော် က စစ်တွေမြို့အခြေစိုက် နိရဉ္ဇရာ သတင်းဌာန အယ်ဒီတာချုပ် ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ရခိုင်နိုင်ငံရေးလုပ်လို့ ထောင်နှစ်ရှည်ချမှတ်ခံရတာဖြစ်လို့ သူတို့နှစ်ဦးလွတ်မြောက်ရေးကို အတတ်နိုင်ဆုံး လုပ်ဆောင် ပေးသင့်တယ်လို့ ယူဆလို့ အခုလိုဆောင်ရွက်ရတာလို့ ဦးခိုင်မြတ်ကျော် ကဆိုပါတယ်။
ရခိုင်ပြည်သူအများစုက ချစ်ခင်လေးစားကြတဲ့ ပုဂ္ဂိုလ်နှစ်ဦးကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ထားတာဟာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေသလို တိုင်းရင်းသား လူမျိုးများအကြား နားလည်မှု၊ ယုံကြည်မှုတွေကိုပါ ထိခိုက်စေကြောင်း၊ အခုအချိန်ဟာ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီ NLD ရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားညီညွတ်ရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး တည်ဆောက်နေတဲ့ကာလဖြစ်လို့ သူတို့နှစ်ဦးကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပြုဖို့ မေတ္တာရပ်ခံကြောင်းလည်း နိုင်ငံတော်သမ္မတထံ ပေးပို့မယ့် စာထဲမှာ ရေးသားထားပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ ဟာ ရသေ့တောင်မြို့နယ်က ဟောပြောပွဲတစ်ခုမှာ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ မတ်လ ၁၉ ရက်နေ့က ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံထားရတာပါ။