ဦးနေမျိုးဇင်နဲ့ ဦးဝင်းချိုတို့ကို ပုဒ်မ ၁၈နဲ့ ထောင်ဒဏ် သုံးလစီ ချမှတ်
2014.04.01

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ဦးဆောင်ဆန္ဒပြခဲ့ကြသူ ဦးဝင်းချိုနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးက တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
ဒီနေ့ တရားရုံးရဲ့အမိန့်ဟာ လွှတ်တော်က ပြဌာန်းထားတဲ့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ရှိတယ်ဆိုတဲ့ ဥပဒေကို ချိုးဖေါက်တာဖြစ်ပြီး ငွေဒဏ်မပါဘဲ ထောင်ဒဏ် သာ ချမှတ်တာကြောင့် တရားရုံးက ကြိုတင်ချမှတ်ထားတဲ့ အမိန့်ဖြစ်တယ်လို့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် က ကျောက်တံတားတရားရုံးမှာ ပြောပါတယ်။
"ဒီနေ့အမိန့်ချတာ ဒဏ်ငွေမပါပေါ့နော်၊ ကျနော်တို့ထင်တာကလည်း ဒီကိစ္စက ဒဏ်ငွေလောက်နဲ့ ပြီးမယ်လို့၊ ဥပဒေအတိုင်း လွှတ်တော်က နောက်ဆုံးကြေညာထားတယ်လေ၊ ခွင့်ပြုချက်တောင်းစရာမလိုဘဲ အသိပေး အကြောင်းကြားရမယ်ဆိုတာပါတယ်၊ ကျနော်တို့က အသိပေးအကြောင်းကြား ခွင့်တောင်းတယ်၊ ကျနော်တို့က ဥပဒေပါအတိုင်း အတိအကျလုပ်ခဲ့တဲ့လူ၊ ဒါပေမဲ့ ခက်နေတာက လွှတ်တော်က ဘယ်လောက်ဆုံးဖြတ်ဆုံးဖြတ် အောက်ခြေက လိုက်ပါလုပ်ဆောင်ခြင်းမရှိဘဲနဲ့ တစ်ဘက်သတ်အမိန့်ချပြီး အခုပို့ဖို့ အားချင်းစီစဉ်ကြတယ်၊ ကျနော် အမိန့်မချခင်ကတည်းက သိပါတယ်၊ ရဲတွေလာဝိုင်းပြီဆိုကတည်းက ဒီအမိန့်က ကြိုတင်ပြီးတော့ ကြေညာထားပြီးသားလို့ သဘောပေါက်ပြီး သားဖြစ်ပါတယ်"
ဦးဝင်းချိုနဲ့ ဦးနေမျိုးဇင်တို့ဟာ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးက လယ်သမား ၅၀၀ ကျော်ကို ဦးဆောင်ပြီး အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေကို ပြန်လည်လွှတ်ပေးဖို့အတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
အဲဒီနေ့က ဆန္ဒပြပွဲအတွက် ခွင့်ပြုချက်တောင်းခဲ့ပေမဲ့ ခွင့်ပြုမိန့်မရရှိခဲ့ဘူးလို့ သိရပါတယ်။