ဒေါ်ခင်ဝင်းအမှုဖော်ထုတ်ပေးရေး ဆန္ဒပြတောင်းဆိုသူတွေ ကို ထောင်ဒဏ်တွေ ချမှတ်
2015.08.20

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေနတ်မှန်ပြီးသေဆုံး ခဲ့တဲ့ တောင်သူ ဒေါ်ခင်ဝင်း အမှုကိုဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့ကြသူ ၅ ဦးကို အလုံမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ဒီနေ့ ချမှတ်လိုက်ပါတယ်။ အလားတူ ပုဒ်မ ၁၈ နဲ့ ပြီးခဲ့တဲ့ မေလလောက်က ဒဂုံမြို့နယ် တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်နဲ့ တစ်ပေါင်းတည်းကျခံဖို့ အလုံမြို့နယ်တရားသူကြီးက ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။
"ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၄ လချလိုက်တယ်၊ ဒဂုံမြို့နယ်မှာ ၅ လပိုင်း ၁၅ ရက်နေ့က ပုဒ်မ ၁၈ နဲ့ အမိန့်ချထားတဲ့ ထောင်ဒဏ် ၄ လနဲ့ တပေါင်းတည်းခံစားစေဆိုတော့ နောက်ထပ် ၄ လ ထပ်ပြီးမပေါင်းရတော့ ဘူး၊ အဲ့ထဲမှာပဲအတူတူပါသွားတာဖြစ်တယ်၊ အခုလိုမျိုး အလုံမြို့နယ်တရားသူကြီးရဲ့ စဉ်းစားဆင်ခြင်ထုံတရားနဲ့ ဆုံးဖြတ်လိုက်မှုကို ကျနော်အပါအဝင် ၅ ဦးစလုံးက ကြိုဆိုတယ်လို့ ကျနော်ထင်ပါတယ်"
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်လောက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခမှာ တောင်သူဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့အတွက် ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်နော်အုံးလှ၊ ဦးဘမြင့်နဲ့ ဦးသန်းဆွေတို့က ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဆန္ဒပြမှုကြောင့် အလုံ၊ ဒဂုံ၊ လသာ စတဲ့ မြို့နယ်တွေက တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ ထောင်ဒဏ် ၄လ စီ ချမှတ်ခံထားရပါတယ်။ ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ်က ပုဒ်မ ၁၈ နဲ့ စွဲဆိုထားတဲ့အမှုကို အမိန့်ချဖို့ ကျန်နေပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ဒေသခံတွေက ဆန္ဒပြရာမှာ လုံခြုံရေးတွေဘက်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်းသေဆုံးခဲ့တာဖြစ် ပါတယ်။