နော်အုန်းလှ အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြ


2016.01.06
nawohnhla-620 နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးမှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

တရုတ်သံရုံးရှေ့မှာ ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၆နှစ်ကျော် အမိန့်ချခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှား သူ နော်အုန်းလှက ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ မနေ့ကစပြီး ဆန္ဒပြနေတာဖြစ်တယ်လို့ နော်အုန်းလှနဲ့ တစ်ဆောင်တည်း အကျဉ်းကျနေတဲ့ မစပယ်က ဒီနေ့ ရုံးထုတ်စဉ် ပြောပါတယ်။

"အခုအတည်ပြုထားတဲ့ သမ္မတတွေ၊ ဒုသမ္မတတွေကို တရားစွဲဆိုခွင့် မရှိဘူးဆိုတဲ့ဥစ္စာကို မကျေနပ်လို့ အမိုးက အစာငတ်ခံ ဆန္ဒပြတာပါ၊ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ဆရာဝန်တွေလည်းလာတယ်၊ ထောင်အာဏာပိုင်တွေ လည်းလာတယ်၊ အမိုးကတော့ ၅ ရက်နေ့ကစပြီး ထမင်းမစားဘူး ရေလည်းမသောက်ဘူး"

နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့လုံခြုံရေးဆိုင်ရာဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင် ခဲ့သူက တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဥပဒေအရဆောင်ရွက်ခဲ့တာတွေကို နောက်ကြောင်းပြန် တရားစွဲ ဆိုခွင့်မရှိစေရဆိုတဲ့ အချက်ထည့်သွင်းထားတာဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃၁ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပြီး အမျိုးသား လွှတ်တော်မှာ ဆက်လက်ဆွေးနွေးအတည်ပြုဖို့ ကျန်နေပါတယ်။

အလားတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေကလည်း အဲဒီဥပဒေကြမ်းကို မကျေနပ်တဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက တရားရုံးထုတ်ချိန်မှာ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

နော်အုန်းလှဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ပဋိပက္ခမှာသေနတ်ထိမှန် သေဆုံးခဲ့တဲ့ တောင်သူဒေါ်ခင်ဝင်းအတွက် အမှုမှန်ဖော်ထုတ်ပေးဖို့ တရုတ်သံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြခဲ့တာကြောင့် ထောင်ဒဏ် ၆ နှစ်နဲ့ ၄ လချမှတ်ခံထားရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။