နတ်သံကွင်းတိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုရှိပြီး လေကြောင်းနဲ့ပါ တိုက်ခိုက်ခံနေရ

RFA Burmese
2023.12.27
နတ်သံကွင်းတိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုရှိပြီး လေကြောင်းနဲ့ပါ တိုက်ခိုက်ခံနေရ စစ်ကောင်စီတပ်၏ ကျီးပင်ပေါက်တပ်စခန်းနှင့် လည်ပတ်တပ်စခန်းတို့မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် K.N.L.A မှ ထုတ်ပြန်ခဲ့စဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၇ ရက် ဒီနေ့အထိ နှစ်ရက်တာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်တပ်တွေက ထိခိုက်သေဆုံးမှုတွေအပြင် အရပ်သား ထိခိုက်သေဆုံးမှုတွေပါ ရှိနေတယ်လို့ ဒီတိုက်ပွဲမှာ ပါဝင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်မှု၊ သေဆုံးမှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲရဲ့ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး RFA ကို ပြောပါတယ်။

“တိုက်ပွဲကလည်း အခုထိဖြစ်နေတုန်းဆိုတော့ တရားဝင်ထုတ်မပြန်ရသေးတဲ့အခါ အတိအကျ ပြောဖို့တော့ ခက်ပါတယ်။ လက်ရှိအချိန်အထိတော့ ကလေးငယ်တွေနဲ့ အရပ်သားတွေ သေဆုံးသလို၊ ဒီမနက်မှာပဲ သဲကောက ဘုန်းတော်ကြီးတစ်ပါး လက်နက်ကြီးထိမှန်ပြီး ပျံလွန်တော်မူသွားတယ်”

နှစ်ရက်တာ တိုက်ပွဲအတွင်း နတ်သံကွင်းမြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ဖို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေသလို စစ်ကောင်စီတပ်ဘက် ကလည်း မြို့ကိုလက်မလွှတ်ရရေး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ သူက ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားပြီး ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်ကလည်း နှစ်ဦး သေဆုံးတယ်လို့ ဒီတိုက်ပွဲမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒီဇင်ဘာလ ၂၆ ရက်နေ့ကစလို့ နတ်သံကွင်းမြို့ပေါ်နဲ့ အနီးတစ်၀ိုက်က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF၊ ABSDFနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ပဲခူးတိုင်းအရှေ့ခြမ်းက တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေအတွင်း နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အရပ်သား ၂၆ ဦး သေဆုံးပြီး နောက် ၇၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။