အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ကျင်းပ
2017.11.13

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်စဉ်တွေ ပေါ်ထွန်းရေးဟာ တိုင်းပြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှာ ဒီနေ့ ကျင်းပတဲ့ ၉၇ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားမှာ ပါတီရဲ့ ကြေညာချက်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မုံရွာအောင်ရှင်က ဖတ်ကြားခဲ့တာဖြစ်ပါတယ်။
"အထူးသဖြင့် ယနေ့အရေးကြီးဆုံးအလုပ်မှာ ပြည်တွင်းငြိမ်းချမ်းရေး အပြည့်အဝရရှိရေးဖြစ်ပြီး အကြီးမားဆုံး စိန်ခေါ်မှုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်စဉ်များ ပုံမှန်ပေါ်ထွန်းရေးတို့ ဖြစ်ပါတယ်၊ တဆက်တည်းမှာပဲ အကြမ်းဖက်ဝါဒအပေါ် မစေ့စပ်သတမ်းချေမှုန်းရေး၊ အမျိုးသားဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာ ကာကွယ်ရေးတို့အတွက် တိုက်ပွဲဝင်လျှက်ရှိပါတယ်"
ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ ပြဿနာဖြစ်ပြီး ရခိုင်ပြည်နယ် မတည်ငြိမ်ခြင်းဟာ မြန်မာတစ်နိုင်ငံလုံး မတည်ငြိမ်တာဖြစ်ကြောင်း သဘာပတိမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ ကြုံတေ့ွရလေ့ရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေကို ပြည်သူနဲ့အတူ ပူးပေါင်းပြီး ရင်ဆိုင်ဖြေရှင်းသွားမယ်လို့လည်း ပါရှိပါတယ်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် လူသားချင်းစာနာမှု၊ ပြန်လည်နေရာချထားမှုနဲ့ ဒေသတွင်း တိုးတက်ရေးတို့ကို သံတမန်နည်း၊ ဖွံ့ဖြိုးမှု တည်ဆောက်ရေးနည်းလမ်းတွေကို အသုံးပြုပြီး လမ်းညွှန်ပြု ဆောင်ရွက်နေပေမယ့် ကမ္ဘာ့နိုင်ငံအချို့ရဲ့ သတင်းမီဒီယာ လိမ်ညာလှည့်ဖြားမှုနဲ့ နိုင်ငံရေးလုပ်ကြံမှုတွေကို ခုခံနေကြောင်း သဘာပတိမိန့်ခွန်းမှာ ပါဝင်ပါတယ်။
ဒါ့အပြင် အမျိုးသားအမှတ်သရုပ်နဲ့ အမျိုးသားဂုဏ်သိက္ခာ၊ အမျိုးသားလုံခြုံတည်ငြိမ်ရေးနဲ့ အမျိုးသားအချုပ်အခြာ အာဏာ တည်တံ့ရေးအတွက် ရုန်းကန်ကာကွယ်နေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
၁၉၂၀ ခုနှစ်က ကိုလိုနီပညာရေးစနစ်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်တွေ ဆန့်ကျင်သပိတ် တိုက်ပွဲ ဆင်နွှဲတဲ့ အောင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသားအောင်ပွဲနေ့ နှစ်ပတ်လည် အခမ်းအနားတွေကို ကျင်းပတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ပါတီရုံးချုပ်မှာ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပခဲ့ရာ ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ)နဲ့ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) တို့က လက်ရှိနိုင်ငံရေး နဲ့ အခြေအနေ အရပ်ရပ်ကို သုံးသပ်ဟောပြောခဲ့ကြပါတယ်။
အခမ်းအနားကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဟံသာမြင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့၊ ပါတီဝင်တွေ တက်ရောက်ခဲ့ ကြပါတယ်။