နာဂစ် မုန်တိုင်း ပျက်စီးမှုများ ၃ နှစ်ကြာ နာလန်မထူနိုင်သေး
2011.05.02

နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ ဘိုကလေးမြို့နယ် ကမတ်ကလူ ကျေးရွာမှာ မုန်တိုင်းကြောင့် ပျက်စီးမှုတွေ အခုအထိ ပြန်ပြီး နာလန်မထူနိုင်သေးတဲ့အကြောင်း ဒေသခံတဦးက ပြောပါတယ်။
“နာဂစ်တုန်းက ကျွန်တော်တို့ ဧရိယာကို ဖြတ်တိုက်တာ။ ကျွန်တော်တို့ ရွာဆိုလို့ရှိရင် ၈၅ ရာခိုင်နှုန်းလောက်က အကုန် ပျက်သွားတာ။ မလုပ်နိုင်ဘူး၊ အရင်အတိုင်းကို မလုပ်နိုင်တော့ဘူး။ မလုပ်နိုင်ဘူးဆိုတာ နည်းနည်းပါးပါး ပျက်စီးတဲ့လူသာ ရှိမယ်လေ။ များများစားစား ဖြစ်တဲ့လူက အိမ်အကြီးကနေ အသေးလေး ဖြစ်သွားတယ်။ အသေးဆောက်ချင်တဲ့လူက မဆောက်နိုင်ဘူး။ သူတို့ လာဆောက်ပေးတဲ့ အိမ်လေးတွေမှာ နေကြတာပေါ့။”
အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေဖြစ်တဲ့ ရေလုပ်ငန်းနဲ့ ဓနိ သက်ကယ် လုပ်ငန်းတွေမှာလည်း အခက်အခဲတွေ ကြုံနေရတယ်လို့ ဆက်ပြောပြပါတယ်။
“ဓနိလုပ်ငန်းကတော့ တော်တော်များများ အဆင်မပြေဘူး။ အဆင်မပြေဘူးဆိုတာ ဓနိဈေးကလည်း မကောင်းဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီက အဲဒီ ဓနိပင်တွေ ကိုယ်တိုင်ကိုက မဖြစ်ထွန်းဘူး။ အရင်လို အသားလည်း မကောင်းဘူး။ ရေသိပ်မရဘူး။ ပထမ နာဂစ် ဖြစ်ပြီး နောက်တနှစ်ရတယ်။ ရပြီးတော့ အခု နောက်ပိုင်းလည်း ကျလည်းကျရော ပြန်ဆုတ်သွားတယ်။ ယခင်ကို ပြန်မမီဘူး။”
ကမတ်ကလူကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ပညာရေးဝန်ထမ်းတွေ ရှားပါးလို့ ကလေးတွေရဲ့ ပညာရေးလည်း ဆိုးရွားနေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးတွေအတွက်တော့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ (IOM) ရဲ့ အထောက်အပံံ့ ရနေတဲ့အတွက် ဆိုးဆိုးရွားရွား ရောဂါဝေဒနာ ဖြစ်ပွားတာ အဲဒီဒေသမှာ မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၂ ရက် နဲ့ ၃ ရက်နေ့တွေက ဧရာဝတီဒေသကို နာဂစ်မုန်တိုင်း ဝင်ရောက် တိုက်ခတ်သွားခဲ့တဲ့အတွက် လူပေါင်း အနည်းဆုံး ၁ သိန်း ၄ သောင်းခန့် အသက်ဆုံးရှုံး ခဲ့တယ်လို့ ခန့်မှန်းထားပါတယ။်
မြစ်ဝကျွန်းပေါ်ဒေသ နာဂစ်မုန်တိုင်းသင့် ပြည်သူတွေရဲ့ အခြေအနေကို နာဂစ် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အမျိုးသား ဒီမိုကရေစီချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်ကို RFA မှ မခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |