နာဂစ်ကူညီရေး ပစ္စည်းများပေးပြီး ဗိုလ်ချုပ် စိုးနိုင် မဲဆွယ်စည်းရုံးနေ
2010.09.17

အဲဒီလို စည်းရုံးရေး ဆင်းရာမှာ ကျေးရွာရှိ သက်ကြီးရွယ်အိုများကို နာဂစ်ဒုက္ခသည်တွေ အတွက် လျာထား လှူဒါန်းထားတဲ့ ပစ္စည်းတွေ လက်ဆောင်ပေး စည်းရုံးနေတယ်လို့ ဖျာပုံ ခရိုင်က ဒေသခံ လယ်သမားကြီး တဦးက ခုလို ပြောပြပါတယ်။
“ဝန်ကြီးလေ၊ ဟိုတယ်နဲ့ ခရီးသွားလေ၊ ဒီမှာ စည်းရုံးရေးတွေ ဆင်းပြီးတော့ ရပ်ကွက်တွေက ၇၀ နဲ့ အထက်တွေကို နာဂစ်က လှူထားတဲ့ စောင်တွေနဲ့ ငွေ ၅,၀၀၀ စီ၊ အဲဒါ လှူတယ်၊ လှူပြီးတော့ စည်းရုံးရေး ဆင်းပြီးတော့ NGO တွေက ပေးတဲ့ ပစ္စည်းတွေနဲ့ သူက မျက်နှာကောင်း ယူတာပေါ့ဗျာ။ သူက ဝင်ပြိုင်မှာပေါ့လေ၊ နာဂစ်တုန်းက သူက ဒီမှာက နာဂစ် ဒီဒေသရဲ့ နယ်မြေမှူးပေါ့။ အစိုးရက သူ့ကို ဒီဖက် နယ်မြေချပေးလိုက်တော့လေ။”
ဗိုလ်ချုပ် စိုးနိုင်ဟာ နာဂစ်မုန်တိုင်းလွန်ကာလ ပြန်လည်တည်ဆောက်ရေး အတွက် ဖျာပုံခရိုင်မှာ တာဝန် ပေးအပ်ခံခဲ့ရတာကြောင့် နယ်မြေခံ ကျေးလက်လူထု နဲ့ အကျွမ်းတဝင် ရှိခဲ့တယ်လို့ သိရှိရပါတယ်။
ဖျာပုံမြို့နယ်မှာ နောက်ထပ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါက်တာ ဒေါ်မြမြအုန်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး လောလောဆယ်အားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ နှစ်ပါတီသာ တရားဝင် ကိုယ်စားလှယ်လောင်းတွေ ကြေညာထားတယ်လို့ သိရှိရပါတယ်။