နန်စီပွန်ပဋိပက္ခ အစီရင်ခံစာ တင်ရမယ့်ရက် ရွှေ့ဆိုင်း


2017.05.30
nansipon-patient-620.jpg ရဲပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ နန်စီပွန်ဒေသက ရေမဆေးကျောက်ရှာဖွေသူတစ်ဦးကို ခန္တီးဆေးရုံမှာ တွေ့ရစဉ်
Photo: Hset Paing Toe/RFA

အခုလ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသက ဦးပိုင်ကုမ္ပဏီပိုင်လုပ်ကွက်မှာ ရေ မဆေးရှာသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာတင်သွင်းရမယ့်ကို ဇွန်လ ၁၀ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

အရင်က မနက်ဖြန် မေလ ၃၁ ရက်နေ့ နောက်ဆုံးထားစစ်ဆေးဖို့ ညွှန်ကြားထားပေမယ့် နန်စီပွန်ဒေသကို သွားရောက် စစ်ဆေးမှုတွေ မလုပ်ဆောင်ရသေးတဲ့အတွက် ရက်တိုးပေးဖို့ တောင်းခံလိုက်တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေး ကပြောပါတယ်။

"ဝန်ကြီးချုပ်ကို ဖုန်းဆက်လိုက်တာ။ သက်မှတ်ထားတဲ့ရက်က အရမ်းကြီးကို နီးသွားပြီ။ ၂၈ ရက်နေ့ ကျနော်ပြောလိုက်တာ။ စစ်ဆေးရမယ့်ဟာက အများကြီးရှိတဲ့အတွက် အဲဒီရက်ကတော့ ပြန်ပြီးရွှေ့ပေး မှဖြစ်မယ်လို့ ပြောတဲ့အခါကျတော့ စုံစမ်းစစ်ဆေးရေးအတွင်းရေးမှူး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော် ကနေ စာရေးပြီး တင်လိုက်တဲ့အခါမှာ ၆ လပိုင်း ၁၀ ရက်နေ့အထိကို ပြန်ပြီးတိုးပေးထားတယ်။"

နန်စီပွန်ဒေသကို သွားရောက်စစ်ဆေးရာမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်အားလုံး သွားရောက်ဖို့ တိုင်းအစိုးရက ညွှန်ကြားထားပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌ ရဲမှူးကြီး ကျော်ကျော်ထွန်း မအားလပ်သေးတဲ့အတွက် မသွားရောက်နိုင်သေးတာ ဖြစ်တယ်လို့ ဦးမောင်တေးက ပြောပါတယ်။

အခုလ ၁၇ ရက်နေ့က နန်စီပွန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးနဲ့ ရေမဆေးသမား ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ရေမဆေးသမား ၃ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ တိုင်းဒေသကြီးအစိုးရက စစ်ကိုင်းတိုင်းဒေသကြီး ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ကျော်ထွန်း ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ၊ သတ္တုတွင်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက တာဝန်ရှိသူတွေပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းပြီး စစ်ဆေးခိုင်းထား တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။