နမ့်ဆန်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံး

RFA Burmese
2023.12.16
နမ့်ဆန်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံး နမ့်ဆန်မြို့ပေါ်ရှိ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းရွာမှာ ဒီဇင်ဘာလ ၁၅ ရက်မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နေအိမ်လေးလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ နမ့်ဆန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်နေတာကြောင့် ငွန်ဆိုင်းရွာမှာနေထိုင်တဲ့ အသက် (၇၀) အရွယ် အဖိုးအိုတစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်(TNLA) ကလည်း အဲဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ညမှာ သတင်းထုတ်ပြန်ထားသလို ငွန်ဆိုင်းရွာက နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

TNLA အမှတ် (၂) စစ်ဒေသ နမ့်ဆန်မြို့အတွင်းကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ် (၃၀) လုပ်ခဲ့သလို မန်တုံခြေလျင်တပ်ရင်း ခလရ (၁၃၀) ကလည်း လက်နက်ကြီးတွေနဲ့ (၃၁) ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်မနေ့က နမ့်ဆန်မြို့ စစ်ကောင်စီတပ် ဗျုဟာကုန်းမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒေသအခြေစိုက် သတင်းမီဒီယာတွေကတော့ နမ့်ဆန်မြို့နဲ့ စစ်ကောင်စီတပ် အထိုင်ချ ထားတဲ့ ဗျူဟာကုန်းကို TNLA ဘက်က ထိန်းချုပ်ထားနိုင်ပြီလို့ ဖော်ပြထားပေမယ့် RFA အနေနဲ့ သီခြားအတည်မပြုနိုင်သေးသလို TNLA ပြောခွင့်ရသူတွေဆီ ဆက်သွယ်ခဲ့ ပေမယ့်လည်း ဆက်သွယ်လို့မရသေးပါဘူး။

ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်က အသက် ၅၅ နှစ်အရွယ် ဦးကျော်ဌေးဆိုသူကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်ခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့အစည်းက ပြောပါတယ်။

အရပ်သားတွေ သေဆုံးတာနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ (၁၁) လအတွင်း အရပ်သား ၇၃၀ ဦးသေဆုံးခဲ့ပြီး (၁၂၉၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။