မစ္စတာ နမ်ဘီးယား KIO ခေါင်းဆောင်တွေနဲ့ လိုင်ဇာမှာ တွေ့ဆုံမည်
2014.03.25

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ဟာ လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တွေ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
မစ္စတာ နမ်ဘီးယားရဲ့ခရီးစဉ်ဟာ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ဖြစ်နိုင်တယ် လို့ မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင် က ပြောပါတယ်။
"၂၉ ရက်နေ့ကို ညနေပြန်လာမယ်၊ KIO က ကော်မတီဝင်တွေနဲ့ တွေ့မယ်၊ အဲလောက်ဘဲသိရတယ်၊ ဘယ်သူပါမယ်တော့ အသေးစိတ်မသိရသေးပါဘူး၊ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ကိစ္စပဲဖြစ်မယ်လို့ ယူဆပါတယ်"
မစ္စတာဗီဂျေနမ်ဘီးယားဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်အဖြစ် လေ့လာသူအနေနဲ့ မကြာခဏ တက်ရောက်နေသူလည်း ဖြစ်ပါတယ်။
မစ္စတာဗီဂျေနမ်ဘီးယားဟာ ပြီးခဲ့တဲ့ နှစ် သြဂုတ်လကုန်ပိုင်းကလည်း လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့သွားရောက်တွေ့ဆုံခဲ့ပါတယ်။