နွားထိုးကြီး လက်ပံရွာသားတစ်ဦး စစ်ကြောရေးမှာသေဆုံး

2022.01.20
နွားထိုးကြီး လက်ပံရွာသားတစ်ဦး စစ်ကြောရေးမှာသေဆုံး မန္တလေးမှာ စစ်ကောင်စီတပ်သားတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဥ်
Photo: RFA

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် လက်ပံရွာက ဒေသခံ ၁၃ ဦးကို စစ်ကောင်စီ တပ်သား တွေက ဇန်နဝါရီလ ၁၇ ရက်နေ့ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက အသက် ၄၈ နှစ်အရွယ် ကိုမြမိုးဆိုသူဟာ ဖမ်းဆီးခံရပြီး နောက်တစ်ရက်မှာပဲ စစ်ကြောရေး မှာ သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ မိသားစုက ပြန်မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒလန်သတင်းပေးတာကြောင့် ဖမ်းသွားတာ။ လွန်ခဲ့တဲ့ နှစ်လလောက်က ရွာမှာ ဒလန်တစ်ယောက် သတ်ခံလိုက်ရတယ်။ အဲဒီနောက်ဆက်တွဲ ဖမ်းတာပေါ့။ ရွာက နိုင်ငံရေး တအားလုပ်တဲ့ရွာလည်း မဟုတ်ပါဘူး။ ရွာကနေ ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်တဲ့သူတောင် မရှိတဲ့သာမာန်ရွာပါ။ အခုသေသွားတဲ့ ကိုမြမိုးကလည်း အလောင်းတောင် ပြန်မရဘူး။ ရွာမှာ ကျန်နေတဲ့ ဒလန်တစ်ယောက်က ကိုမြမိုး သေသွားတယ်ဆိုပြီး ပြောလို့ မိသားစုဝင်တွေက သိကြရတာ"

ဇန်နဝါရီလ ၁၇ ရက်နေ့ညပိုင်းက ဖမ်းဆီးခံရသူ ၁၃ ဦးထဲမှာ CDM ကျောင်းဆရာ တစ်ဦးအပါအဝင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး သုံးဦးပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့တွေကို နွားထိုးကြီးမြို့ ဆောက်လုပ်ရေးဌာန ရုံးဝန်းထဲကို ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ဒီနေ့အချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစား နေပါတယ်။

ဖမ်းဆီးခံရသူ ၁၃ ဦးထဲက စစ်ကြောရေးမှာသေဆုံးသူဟာ ကိုမြမိုးအပါအဝင် အမျိုးသား လေးဦးလို့ သတင်းတွေ ထွက်နေပေမဲ့ မိသားစုကို ဆက်သွယ် အကြောင်းကြားလာတာ မရှိသေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

RFA ကသီးသန့်ပြုစုထားတဲ့ စားရင်းတွေအရ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခု ဇန်နဝါရီလ ၁၁ ရက်နေ့အထိ စစ်ကြောရေးမှာ သေဆုံး သူဟာ ၁၀၅ ဦး ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။