သီးခြားလူမျိုး သတ်မှတ်ပေးဖို့ နာဂအဖွဲ့တောင်းဆို
2014.02.28

လာမယ့် မတ်လ ၂၉ ရက်နေ့မှာ စတင်မယ့်၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရာမှာ နာဂလူမျိုးတွေရဲ့ ကုတ်နံပါတ်ကို ချင်း လူမျိုးအောက်မှာ ထည့်သွင်းဖော်ပြထားတာကို လက်မခံနိုင်ကြောင်း နာဂလူမျိုးတွေက ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကန့်ကွက်လိုက်ပါတယ်။
ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းနဲ့ပတ်သတ်တဲ့ ဌာနေတိုင်းရင်းသား နာဂ လူမျိုးတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဂလူမျိုးတွေ ဟာ ချင်းတိုင်းရင်းသား မျိုးနွယ်စုဝင်တွေ မဟုတ်တဲ့ အတွက် သီးခြားသတ်မှတ်ပေးဖို့ နာဂရိုးရာ ယဉ်ကျေးမူအဖွဲ့ဝင် ဦးစိန်မောင်က အခုလိုတောင်းဆို လိုက်တာပါ။
"အဓိကက ချင်းကုတ်ထဲမှာ ထည့်ထားတဲ့အတွက်ကြောင့်မို့ နာဂဟာ သီးသန့်လူမျိုးဖြစ်တယ်၊ ဒီသန်းခေါင်စာရင်း ကောက်တဲ့အခါမှာ သီးသန့်ကုတ်နံပါတ်အဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတော်အနေနဲ့ တရားဝင် ကြေညာပေးဖို့ တောင်းဆိုတယ်"
သန်းခေါင်စာရင်း ကောက်ယူမယ့်ပုံစံမှာ နာဂလူမျိုးတွေရဲ့ကုတ်နံပါတ်ကို ချင်းလူမျိုး ကုတ်နံပါတ်အောက်မှာ ၄၃၁ နဲ့ ဖော်ပြထားသလို နာဂမျိုးနွယ်စုတွေဖြစ်တဲ့ တန်ကွန်၊ မလင်နဲ့ အနန်တို့ကိုလည်း နာဂလူမျိုးထဲမှ ခွဲထုတ်ပြီး ချင်းလူမျိုး ကုတ်နံပါတ်အောက်မှာ ဖော်ပြထားတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်မှာ တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ တွေ့ဆုံရာမှာ တိုင်းရင်းသားတွေက သန်းခေါင်စာရင်းပုံစံမှာ ဖေါ်ပြထားတဲ့ လူမျိုးနဲ့ မျိုးနွယ်စု ကုတ်နံပါတ်တွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ပေးဖို့ တင်ပြခဲ့ကြပါတယ်။
ဝန်ကြီး ဦးခင်ရီက ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံပြီးမှသာ လက်ရှိအတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်သွားမယ် လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ နာဂလူမျိုး တိုင်းရင်းသားတွေကတော့ သန်းခေါင်စာရင်း ကောက်ခံတဲ့ လုပ်ငန်းစဉ်တွေ မစတင်ခင်နဲ့ လုပ်ဆောင်ပြီးနောက်ပိုင်းမှာပါ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်နိုင်ရေးအတွက် လွှတ်တော်က အတည်ပြုပေးဖို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ နာဂမျိုးနွယ်စုပေါင်း ၇ မျိုး ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးက လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ ခန္တီးမြို့နယ်တွေအပြင် ကချင်ပြည်နယ်က မြစ်ကြီးနားမြို့နဲ့ ရှင်ဘွေယန်မြို့ စတဲ့မြို့တွေမှာ အများဆုံးနေထိုင်ကြပြီး လူဦးရေစုစုပေါင်း သုံးသိန်းခွဲခန့်ရှိတယ်လို့ သိရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စစ်ကိုင်းတိုင်းဒေသကြီးက လေရှီးမြို့နယ် ၊ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပါတယ်။ အိန္ဒိယနိုင်ငံ နာဂလန်း(ဒ်)ပြည်နယ် ၊ အာသံပြည်နယ်နဲ့ မဏိပူရပြည်နယ် စတဲ့ပြည်နယ်တွေမှာလည်း နာဂလူမျိုးတွေ နေထိုင်ကြတယ်လို့ သိရပါတယ်။