မျိုးချစ်ပါတီ တည်ထောင်ခွင့် ပယ်ချခံရမှု ကော်မရှင်ကို မေးမြန်းမည်
2017.12.06
မဘသ ဦးဆောင်ကော်မတီဝင်တွေပါဝင်မယ့် မျိုးချစ်ညီညွတ်ရေးပါတီ တည်ထောင်ခွင့် ပယ်ချခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ စာပေးပို့မေးမြန်းသွားမယ်လို့ ပါတီတည်ထောင်ခွင့် ဦးဆောင်လျှောက်ထားတဲ့ စာရေးဆရာ မောင်သွေးချွန်က ဒီနေ့ ပြောပါတယ်။
ကော်မရှင်ကပေးပို့ခဲ့တဲ့ ပါတီတည်ထောင်ခွင့်မပြုကြောင်း အကြောင်းကြားစာမှာ ပါတီဦးဆောင်သူတွေထဲမှာ ပါဝင်သူတချို့ဟာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ ဖော်ပြထားတဲ့အချက်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မေးမြန်းသွားမှာဖြစ်တယ်လို့ စာရေးဆရာ မောင်သွေးချွန်က ပြောပါတယ်။
"နံပါတ် ၁ က အခုရက်ပိုင်းအတွင်းပဲ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်ကို စာပြန်ပို့မယ်။ ပြန်မေးမယ်ပေါ့နော်။ ဘယ်အချက်တွေနဲ့ ကျနော်တို့ ငြိစွန်းနေသလဲ။ နံပါတ် ၂ က ဘယ်ပုဂ္ဂိုလ်တွေက အဓိက ငြိစွန်းနေသလဲ။ အဲဒီ အဓိကအချက် ၂ ချက်ကို ကျနော်တို့ ပြန်ပြီးတော့ မေးမယ်။ နံပါတ် ၃ အချက်က ငြိစွန်းနေတယ် ဆိုလို့ရှိရင် ငြိစွန်းနေတဲ့ ပုဂ္ဂိုလ်တွေရဲ့နေရာမှာ လူစားထိုးပြီးတော့ ကျနော်တို့ ထပ်မံအသစ် လျှောက်ထားခွင့် ရှိမရှိ အဲဒါကို အကြောင်းပြန်ပေးပါရန် ရွေးကောက်ပွဲကော်မရှင်ကို ကျနော်တို့ အခုရက်ပိုင်းအတွင်း တင်ပြမယ်"
ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က မျိုးချစ်ညီညွတ်ရေးပါတီ တည်ထောင်ခွင့်ပြုဖို့အတွက် တင်ပြထားတာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၂၄ ရက်နေ့ ရက်စွဲနဲ့ ပါတီတည်ထောင်ခွင့်မပြုကြောင်း အကြောင်းပြန်ကြားခဲ့တာဖြစ်ပါတယ်။
အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး (မဘသ) အဖွဲ့ကို ဖျက်သိမ်းဖို့အတွက် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က မေလအတွင်းမှာ ညွှန်ကြားခဲ့ပြီးနောက်ပိုင်း မဘသ အဖွဲ့ဝင်အချို့က ပါတီတည်ထောင် လှုပ်ရှားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။