တရားစွဲခံရတယ်ဆိုတာ မသိကြောင်း မောင်သွေးချွန်ပြော
2018.05.25
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ကကျင်းပခဲ့တဲ့ တရားပွဲ၊ ဟောပြောပွဲ မှာ ပြောခဲ့တဲ့အချက်တွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေတာကြောင့် အမျိုးသားရေး ဟောပြောရေးသားနေသူ စာရေးဆရာမောင်သွေးချွန်ကို မင်းကင်းမြို့နယ်အုပ်ချုပ်ရေးရုံးက တရားလိုလုပ်ပြီး တရားစွဲထားတယ်လို့ သိရပါတယ်။
တရားစွဲထားတယ်လို့ အင်တာနက် လူမှုကွန်ရက်မှာ မေ ၂၁ ရက်နေ့ကတည်းက စတင်ပျံ့နှံ့နေပေမယ့် တရားစွဲခံရကြောင်း သူ့အနေနဲ့ အခုအချိန်အထိ မသိရှိရသေးဘူးလို့ စာရေးဆရာ မောင်သွေးချွန်က ပြောပါတယ်။
အမျိုးဘာသာ သာသနာအတွက် စိုးရိမ်လို့၊ မျိုးစောင့်ဥပဒေကို တည်မြဲစေချင်လို့ ဟောပြောတာသာဖြစ်ပြီး နိုင် ငံတော်ကို အကြည်ညိုပျက်စေဖို့လည်း မရည်ရွယ်ဘူးလို့ သူက ဒီနေ့ RFA ကို ပြောပါတယ်။
"ကျနော်တကယ်ပြောခဲ့တာတွေကတော့ အမျိုးဘာသာ၊ သာသနာ၊ ကာကွယ်စောင့်ရှောက်ရေး ဒါပါပဲ။ ချုံ့လိုက်ရင်လေ။ အဓိကက မျိုးစောင့်ဥပဒေအတွက် စိုးရိမ်တယ်။ အဲဒီအတွက် သူတို့က ဒါဟာ နိုင်ငံတော် ကို စော်ကားတယ်လို့ အကြည်ညိုပျက်စေတယ်လို့ သူတို့ဘက်က သုံးသပ်တယ်။ တကယ်တော့ နိုင် ငံတော်ကို အကြည်ညိုပျက်စေတာလည်း ကျနော်မရည်ရွယ်ဘူး။ အဓိကက ကျနော်တို့ အမျိုးဘာသာ၊ သာသနာ ဆက်လက်ရှင်သန်စေဖို့ ကျနော်တို့ ကြိုးစားပြီးတော့ ပြဌာန်းနိုင်အောင်လုပ်ခဲ့တဲ့ မျိုးစောင့် ဥပဒေ တည်မြဲနေဖို့၊ အဲဒီရည်ရွယ်ချက်ပဲပါတယ်။ ဟိုဘက်အစိုးရကို ထိပါးတာမရှိဘူး။"
လွှတ်တော်နှစ်ခုလုံးက ဥက္ကဌတွေဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ပိုပြီးလေးလေးနက်နက် စောင့်ရှောက်ဖို့လိုအပ်ပြီး မျိုးစောင့်ဥပဒေအတွက် စိုးရိမ်လို့ ဟောပြောတာဖြစ်တဲ့ အကြောင်း၊ အခုလို တရားစွဲလာတာလည်း လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိပါးတာဖြစ်တဲ့အကြောင်း လည်း မောင်သွေးချွန်က ပြောပါတယ်။
တရားစွဲဆိုခံရတာကိုလည်း ဘယ်ဌာနဆိုင်ရာ အဖွဲ့အစည်းကမှ အကြောင်းကြားလာတာ မရှိသေးပေမဲ့ ရင်ဆိုင်သွားဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။
တကယ်လို့ တရားရင်ဆိုင်မှုကို တိမ်းရှောင်ချင်တယ်ဆိုရင်လည်း မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၂၈၀ က အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်တွေက လာရောက်တိမ်းရှောင်ဖို့ ဖိတ်ခေါ်ထားပေမဲ့ ထွက်ပြေးမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။