မျိုးချစ်ညီညွတ်ရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားမှု စစ်ဆေးနေ
2017.10.07
အမျိုး၊ ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အဖွဲ့ဝင်ဟောင်းတွေ ဦးဆောင်မယ့် မျိုးချစ် ညီညွတ်ရေးပါတီရဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားမှုကို ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီး ဌာနတို့က စစ်ဆေးနေဆဲဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထဲရေးနဲ့ လဝကဌာနတွေက အကြောင်းပြန်ကြားမှု မရမချင်း ဘယ်ပါတီကိုမှ ပါတီတည်ထောင်ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
"ကျနော်တို့က ဒီအတိုင်းပဲ သွားနေတယ်။ ကျနော်တို့ဆီ မရောက်မချင်း ကျနော်တို့က ဘာမှလည်း လုပ်လို့ မရဘူး။ အဲဒီနှစ်ခု လက်ထဲစုံမှ အဲဒီပါတီကို အဲဒီနှစ်ခုရပြီ။ ဝန်ကြီးဌာန နှစ်ခုက ခင်ဗျားတို့ အကြောင်းပြန် ကြားစာရပြီ။ ကင်းရှင်းတယ်။ အဲဒါဆိုလာ ခင်ဗျားတို့ ပါတီ လက်မှတ်လာထိုးပါ။ ဥက္ကဌနဲ့ ဒုခေါင်းဆောင်နဲ့။ အဲဒီနှစ်ခုမရမချင်း ကျနော်တို့က အဲဒီပါတီကို အကြောင်းလည်း မကြားဘူး။ ဘာမှ လည်း မပြောဘူး။ ဘယ်ပါတီမဆိုနော်။ ဘယ်ပါတီမဆို ကျနော်တို့က နိုင်ငံရေးပါတီ မှတ်ပုံတင်တာ မှန်သမျှ ဒီနည်းနဲ့ပဲ ကျနော်တို့ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေအတိုင်း သွားနေတယ်"
လက်ရှိအချိန်မှာတော့ ပါတီတည်ထောင်လိုသူတွေ တင်ထားတဲ့ ခေါင်းဆောင်ပိုင်းစာရင်းထဲကလူတွေ ကို နိုင်ငံသားဟုတ် မဟုတ်နဲ့ မတရားအသင်းတွေနဲ့ ကင်းရှင်းမှု ရှိ မရှိတို့နဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့က စိစစ်နေတာဖြစ်ပါတယ်။
မဘသ အဖွဲ့ဝင်ဟောင်းတွေ ပါဝင်မယ့် မျိုးချစ်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတာ ဖြစ်ပါတယ်။
ပါတီခေါင်းဆောင်အနေနဲ့ မဘသ အဖွဲ့မှာ ဗဟိုအလုပ်အမှုဆောင်အဖြစ် ပါဝင်ခဲ့တဲ့ စာရေးဆရာ မောင်သွေးချွန် က ဆောင်ရွက်မှာဖြစ်ပါတယ်။