မြစ်ဆုံစီမံကိန်း ဆန္ဒပြပွဲ ဦးဆောင်သူကို ပုဒ်မ ၂၀ နဲ့ အမှုဖွင့်တရားစွဲ
2019.02.08

မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင် ရပ်တန့်ရေးအတွက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ စည်းရုံးဟောပြောပြီး မြို့တွင်းလှည့်လည် ဆန္ဒပြရာမှာ ဦးဆောင်သူ ဒေါ်ဂျာခေါန်ကို ငြိမ်းစုစီ ပုဒ်မ ၂၀ နဲ့ မြို့နယ် ရဲစခန်းက အမှုဖွင့်တရားစွဲဆိုလိုက်ပါတယ်။
ဆန္ဒပြပွဲကို ခွင့်ပြုချက်ရယူ လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် လော်စပီကာအသုံးပြုခွင့်၊ "No Myitsone Dam" နဖူးစည်း အသုံးပြုခွင့်၊ ဟောပြောပွဲထည့်သွင်းကျင်းပခွင့် စတာတွေကို ခွင့်ပြုချက်လျှောက်ထားချိန်မှာ တင်ပြခဲ့တာမရှိ တာကြောင့် ဆန္ဒပြပွဲ ဦးဆောင်သူကို တရားစွဲခံရတာဖြစ်ကြောင်း မြစ်ဆုံဒေသခံ ဒေါ်လုရာက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ မနေ့က ကျင်းပတဲ့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးဆန္ဒပြပွဲကို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပူးပေါင်းကျင်းပတာဖြစ်ပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေက ဒေသခံတွေ ထောင်နဲ့ချီတက်ရောက်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက မြစ်ဆုံ၊ မြစ်ညှာမြစ်ဝှမ်း ရေကာတာ စီမံကိန်းတွေကို အပြီးတိုင် ဖျက်သိမ်းရေး၊ ဒေသခံပြည်သူတွေ မူလနေရာမှာ လွတ်လပ်စွာ နေထိုင်ခွင့်ရရှိရေး၊ ပြည်သူ့ဆန္ဒမပါဝင်တဲ့ စီမံကိန်းအားလုံးကို အလိုမရှိ စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြသလို တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ကို လက်မခံနိုင်ကြောင်းလည်း ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြပွဲခေါင်းဆောင် ဒေါ်ဂျာခေါန်ကို တရားစွဲထားတဲ့အမှုကို လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးချိန်းခေါ်ယူထားတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။