မြစ်ဆုံစီမံကိန်း ဖျက်သိမ်းဖို့ တရုတ်သမ္မတကို တောင်းဆို

သန့်ဇင်ဦး၊ နေမျိုးထွန်း
2020.01.18

ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းပေးဖို့အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ဒီနေ့ ဆန္ဒပြတောင်းဆိုပါတယ်။

ဆန္ဒပြသူတွေဟာ မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးကိုသွားပြီး သမ္မတ ရှီကျင့်ဖျင်ထံကို အိတ်ဖွင့်ပေးစာပေးဖို့ စီစဉ်ခဲ့ပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ မေတ္တာရပ်ခံမှုကြောင့် သံရုံးကို မသွားတော့ဘဲ မြို့တော်ခန်းမရှေ့မှာပဲ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေရဲ့ အိတ်ဖွင့်ပေးစာကို ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က လက်ခံခဲ့ပြီး သူတို့ကိုယ်တိုင် သံရုံးကို သွားပေးမယ်ဆိုပြီး ညှိနှိုင်းခဲ့တာလို့ သိရပါတယ်။

တရုတ်သံရုံးကို တကယ်ပို့၊ မပို့ဆိုတာ ထပ်မံစုံစမ်းသွားမှာဖြစ်ပြီး မပို့ခဲ့ရင်တော့ နောက်ထပ်လှုပ်ရှားမှုတွေ ဆက်လုပ်မယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမြတ်ကျော်က ပြောပါတယ်။

အိတ်ဖွင့်ပေးစာကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)၊ ရန်ကုန်စောင့်ကြည့်အဖွဲ့ (Yangon Watch)၊ တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ လက်ပံတောင်းတောင် အကျိုးစီးပွားကာကွယ်ရေးကော်မတီ (ရန်ကုန်)၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP) အပါအဝင် နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ပူးပေါင်း ပေးပို့တာပါ။

၂၀၁၆ ခုနှစ် ၈ လပိုင်းကလည်း တရုတ်သမ္မတထံကို မြစ်ဆုံစီမံကိန်းအပါအဝင် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံမှာ ပြုလုပ်နေဆဲ၊ ပြုလုပ်မယ့် စီမံကိန်းတွေမှာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားပေးဖို့နဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို ကျင့်ဝတ်နဲ့ညီတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်အောင် ထိန်းသိမ်းကြပ်မတ်ပေးဖို့ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက တစ်ဆင့် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ဖူးပါတယ်။

မနေ့က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီကနေ့မှာတော့ နေပြည်တော် သမ္မတအိမ်တော်မှာ မြန်မာအစိုးရခေါင်းဆောင်တွေရဲ့ တွေ့ဆုံပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းအပါအဝင် နားလည်မှုစာချွန်လွှာ ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီအထဲမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး သဘောတူ လက်မှတ်ရေးထိုးတာ မပါဝင်သလို နှစ်ဘက်ခေါင်းဆောင်တွေကလည်း တစ်စုံတစ်ရာ ပြောကြားတာ မရှိခဲ့ပါဘူး။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က မေးမြန်းဖို့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။