မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး ကချင်ပြည်သူတွေ တောင်းဆို


2016.06.04
myitsone-protest-620.jpg မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင် ရပ်ဆိုင်းပေးဖို့အတွက် ဇွန်လ ၄ ရက်နေ့က မြစ်ကြီးနားမြို့ Palm Spring Resort Hotel ရှေ့မှာ ဒေသခံတွေ ဆန္ဒပြကြစဉ်
Photo: Kyaw Myo Min/ RFA

ဧရာဝတီ မြစ်ဆုံရေတာတာစီမံကိန်း ရပ်ဆိုင်းဖို့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က Palm Spring Resort Hotel ရှေ့မှာ တရုတ် နိုင်ငံသံအမတ်ကြီး Mr. Hong Liang နဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒေသခံတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

တရုတ်အစိုးရရော မြန်မာအစိုးရသစ်အနေနဲ့ပါ  မြစ်ဆုံ စီမံကိန်းကို  ရာသက်ပန်ရပ်ဆိုင်းဖို့ ဆောင်ရွက် ပေးစေချင် ပါတယ်လို့ မြစ်ဆုံအရေး ဆောင်ရွက်နေတဲ့ တန်ဖရဲရွာသူ ဒေါ်လုရာ က ပြောပါတယ်။

"ကျမတို့ မြစ်ဆုံရေကာတာစီမံကိန်းကို ရာသက်ပန်ရပ်ဆိုင်းဖို့၊ CPI တွေကို ကျမတို့တန်ဖရဲရွာကနေ ထွက်ခွါသွားဖို့ ဒီနေ့ ကျမတို့ဆန္ဒပြတာ၊ နောက်ပြီးတော့ ကျမတို့ဒေသခံတွေ အဲ့ဒီမှာရာသက်ပန် ကိုယ့်ရဲ့ဒေသကို နေထိုင်ပိုင်ဆိုင်ခွင့် ရရှိအောင် ကျမတို့ ဆန္ဒပြတာ၊ ၅ နှစ်တာကာလမှာ သမ္မတ သိန်းစိန်ရဲ့လက်ထက်မှာ ရပ်ဆိုင်းသွားတာဟုတ်တယ်၊ အခုနောက်ထပ် တက်လာတဲ့အစိုးရကနေပြီးတော့ ကျမတို့ရဲ့ မြစ်ဆုံကိုရာသက်ပန်ရပ်ဆိုင်းဖို့ပဲ ကျမတို့လိုချင်တယ်၊ သူတို့ဘယ်လောက်ပဲ အစိုးရနဲ့ ဘယ်လောက်ပဲ တိုင်ပင်တိုင်ပင် ကျမတို့ ဒေသခံတွေက လုံးဝကိုသဘောမတူးဘူး၊ ဒီရေကာတာစီမံကိန်းကို ကျမတို့က ရာသက်ပန်၊ တစ်သက်လုံး ကန့်ကွက်သွားမယ်"

တရုတ်သံအမတ်ကြီးဟာ မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်နိုင်ရေးအတွက် ကချင်ပြည်နယ် ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် မနေ့က အောင်မြင်သာကျေးရွာမှာ တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံ ခဲ့စဉ်က ရွာသားတွေအနေနဲ့ သူတို့ရဲ့သဘောထားတွေကို တင်ပြခွင့်မရခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်နိုင်ငံသံအမတ်ကြီးဟာ သူ့ရဲ့ခရီးစဉ်အတွင်း မနေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ ဒေသအတွင်းက ရှမ်းတိုင်းရင်းသားအဖွဲ့တစ်ချို့ကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့ပြီး ဒီကနေ့တော့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ( KSDP ) ပါတီ ဥက္ကဌ ဒေါက်တာမနမ်တူးဂျာဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့ အရင် CPI ကုမ္ပဏီကို အခု State Power Investment Corporation ( SPIC ) ဆိုပြီး အမည်ပြောင်းလဲထားတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မယ့် တန်ဖရဲ၊ မြစ်ဆုံ၊ လဖျဲ့ကထောင် စတဲ့ ကျေးရွာတွေက ရွာသားအယောက်နှစ်ထောင်ကျော်ကို အောင်မြင်သာကျေးရွာမှာ ပြောင်းရွှေထားတာ  ၄ နှစ်ကျော် ရှိပြီဖြစ်ပါတယ်။

ဒီကနေ့ဆန္ဒပြပွဲမှာ ဒေသခံရွာသားတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ နဲ့ ဧရာဝတီမြစ်ကို ချစ်မြတ်နိုးသူ စုစုပေါင်း လူ ၄ဝ ခန့် ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။