မြစ်ဆုံစီမံကိန်း တာဝန်ရှိသူတွေနဲ့ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ တွေ့ဆုံ


2018.04.25
myitsone-dam-622.jpg မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်
Photo: RFA

တရုတ်နိုင်ငံရဲ့ ဧရာဝတီ  မြစ်ဆုံ၊ မြစ်ညှာ၊  မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရေးရဲ့ တာဝန်ရှိသူ တွေဟာ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ နဲ့ လွှတ်တော်ကော်မတီကို မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီစီမံကိန်းတွေဟာ ပြည်သူတရပ်လုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တာကြောင့် တစ်စုံတရာမှတ်ချက်ပေးခဲ့တာ မရှိဘူးလို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ကချင်ပြည်နယ်လွှတ်တော် စီးပွားရေး နဲ့ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးအောင်သင်း က ပြောပါတယ်။

"ဘာမှ မှတ်ချက်မပေးလိုဘူးလို့။ ကျနော်တို့အနေနဲ့က ဒါ ပြည်ထောင်စု တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ။ ကျနော်တို့ လွှတ်တော်တစ်ခုတည်းနဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ဘူးလို့။ ဒီမိုကရေစီစနစ်အရ ပြည်သူလူထုရဲ့ အသံကို နားထောင်ပြီး မှ ကျနော်တို့က လုပ်ရတဲ့လူတွေလို့။ ကျနော်တို့က ဘာမှ ဝေဖန်ခြင်း၊ ပိုင်းခြားခြင်း၊ ထောက်ခံခြင်းဆိုတာ ဘာမှပြောလို့ မရဘူးလို့။ ဒါ နိုင်ငံတော်ကပဲ ဆုံးဖြတ်ရမယ့်အလုပ်။ ပြည်သူတရပ်လုံး နဲ့ ဆိုင်နေတဲ့ကိစ္စ။ ဒါက မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်နေပြီ။ ဒါ ပြည်သူရဲ့ ဆန္ဒပဲလေ"

ချီဖွေချောင်းပေါ်က ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံကနေ လက်ရှိမှာ ၉၉ မဂ္ဂါဝပ်ထွက်နေပြီး အဲဒီအထဲက ဓါတ်အား၂၅ ရာခိုင်နှုန်းကိုပဲ အသုံးပြုရသေးတာကြောင့် ကျန်နေသေးတဲ့ ဓါတ်အားတွေကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ဒေသအတွင်းမှာ ဖြန့်ဖြူးပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့ အရင် CPI ကုမ္ပဏီကို အခုအခါမှာ State Power Investment Corporation (SPIC) ဆိုပြီး အမည်ပြောင်းလဲထားတာပါ။ မနေ့ကတော့ အဲဒီစီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့နဲ့ ပြည်နယ်လွှတ်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မေခမြစ်ပေါ်မှာ ၅ ခု၊ မလိခမြစ်ပေါ်မှာ ၁ ခု နဲ့ ဧရာဝတီ မြစ်ဆုံမှာ ၁ ခု စုစုပေါင်းရေအားလျှပ်စစ်စက်ရုံ ၇ ခု တည်ဆောက်ဖို့ လျာထားတဲ့ အဲဒီ မြစ်ဆုံ၊ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းကို မြန်မာတစ်နိုင်ငံလုံးရှိ အလွှာအသီးသီးက ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ မှာ အဲဒီအချိန်က အစိုးရတာဝန်ယူထားတဲ့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အစိုးရသက်တမ်း ကာလအတွင်း မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ခဲ့ပြီး လက်ရှိအစိုးရလက်ထက်မှာ ဧရာဝတီ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရက တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အခု အစိုးရလက်ထက်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ က အဖွဲ့ဝင် ၂၀ ပါတဲ့ ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာ၊ စိစစ်၊ သုံးသပ်ရေးကော်မရှင်ကိုဖွဲ့စည်းပြီး  မြစ်ဆုံဒေသကို တစ်ကြိမ် ကွင်းဆင်းလေ့လာခဲ့ပါတယ်။

မနေ့ညနေပိုင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး H.E Mr. Song Tao တို့ တွေ့ဆုံခဲ့ကြပါတယ်။ တရုတ်ထိပ်တန်း ကိုယ်စားလှယ် နဲ့ အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး နဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး စတဲ့ ပြည်ထောင်စုဝန်ကြီး နှစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။