မြစ်ကြီးနားမြို့ ဗုံးပေါက်ကွဲမှု လူတစ်ဦးသေဆုံး
2012.06.30
ဗုံးပေါက်ကွဲခဲ့တဲ့ နေရာဟာ မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အနီးမှာရှိတဲ့ မိုးလုံလေလုံ အားကစားကွင်း အနီးမှာ ဖြစ်တယ်လို့ မျက်မြင်သက်သေ တစ်ဦးက အာအက်ဖ်အေ ကို ပြောပါတယ်။
"ဟုတ်တယ်၊ ဗုံးပေါက်တယ်၊ ၆ နာရီ ၁၀ မိနစ်လောက်မှာ ကျနော်တို့ ဒီ ဘော်လုံးကွင်းနဲ့ လဝက ရုံးလမ်းကြား၊ အဲ့ဒီမှာ ဆိုင်ကယ်ပေါ်ကနေ ကွဲတာဗျ၊ လူတစ်ယောက် သေတယ်၊ ပေါက်တဲ့နေရာက မြို့တော်ခမ်းမနဲ့ နီးတယ်၊ ဝန်ကြီးများရုံးနဲ့ ကပ်ရပ်ပဲ။ အမှတ် ၂ ရဲစခန်းနဲ့ ဆိုလို့ရှိရင်လည်း ကိုက် ၂၀၀ လောက်ပဲ ရှိမယ်၊ လူတွေကတော့ အထိတ်တလန့်နဲ့ ဖြစ်တာပေါ့။"
ဗုံးပေါက်ကွဲချိန်ဟာ မိုးလုံလေလုံ အားကစားကွင်းမှာ အုပ်ချုပ်ရေး ဖလား ဘော်လုံး ဗိုလ်လုပွဲ အပြီး ပရိတ်သတ်တွေ ပြန်ချိန်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ သိရပါတယ်။
မြစ်ကြီးနား အမှတ် ၁ ရဲစခန်းကို ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ဗုံးပေါက်ကွဲခဲ့တာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုပြီး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူဟာ အသက် ၃၀ အရွယ် တိန်ရောင်နော် ခေါ် မွန်ဂွတ် ဆိုသူဖြစ်တယ်လို့ ပြောပါတယ်။
"ဟုတ်တယ်၊ သူက တိန်ရောင်နော် (ခေါ်) မွန်ဂွတ် အသက် ၃၀၊ ကချင် ခရစ်ယာန်ပဲ၊ သူကတော့ တပ်ကုန်း အမှတ် (၁) ၃၁၉ ထွယ်ဆန် နယ်မြေပေါ့၊ သူက မီးသတ်ဝတ်စုံနဲ့ပေါ့နော်။ ဝတ်လာတာ အပေါ်ကတော့ စွတ်ကျယ် အောက်က ယူနီဖောင်းနဲ့ ဘော်လုံးပွဲ ကြည့်ပြီးတော့ ပြန်ထွက်သွားပြီး အဲ့ဒီ ကျနော်တို့ လဝက ရုံးအဝင်နားမှာ သူတစ်ယောက်တည်းပဲ ဘယ်သူမှ မရှိဘူး ဆိုင်ကယ်ကတော့ စုတ်ပြတ်သတ်သွားတာပေါ့နော်၊ ဘော်လုံးပွဲလည်းပြီးရော လမ်းမှာ ကွဲတာပဲ၊ ကွက်တိပဲ၊ ပွဲချင်းပြီးပဲ။"
ဗုံးပေါက်ကွဲခဲ့မှုနဲ့ပတ်သက်ပြီး တရားခံ ဖော်ထုတ်နိုင်ဖို့ အတွက် မြို့နယ် ရဲတပ်ဖွဲ့နဲ့ SB တို့က သေဆုံးသွားသူရဲ့ မိဘတွေနဲ့ သူတို့အိမ်အဝင်အထွက် ရှိသူ တွေကို စုံစမ်း မေးမြန်းနေပြီး ဘယ်သူ့ လက်ချက်ဖြစ်တယ် ဆိုတာ မသိရှိသေးကြောင်း အဆိုပါ ရဲအရာရှိက ပြောဆိုပါတယ်။