မြစ်ကြီးနားရောက် စစ်ဘေးဒုက္ခသည် ၂၀၀ ကျော် နေရပ်ပြန်

2022.04.28
မြစ်ကြီးနားရောက် စစ်ဘေးဒုက္ခသည် ၂၀၀ ကျော် နေရပ်ပြန် နေရပ်ပြန်မည့် စစ်ဘေးဒုက္ခသည်များကို မြစ်ကြီးနားမြို့မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် တွေ့ရစဥ်
Photo: Citizen Journalist

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပူတာအိုမြို့နယ်ကနေ မြစ်ကြီးနားမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ဟာ ဧပြီလ ၂၇ ရက် မနေ့က နေရပ်ပြန်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်ကနေ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်တာ အခု ဒုတိယအကြိမ် ဖြစ်တယ်လို့ နေရပ်ပြန် ဒုက္ခသည်အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ပြန်လာတဲ့သူ အယောက် ၂၀၀ ကျော်ပေါ့။ ဆွမ်ပီယာန်၊ လုံရှာယာန်၊ အင်ဆိုင်းယာန်၊ အင်စီယာန်က လူတွေဖြစ်တယ်။ တချို့ကတော့ မြစ်ကြီးနားမှာ ကျန်နေသေးတယ်။ ရွာထဲက ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်ရောက်နေပြီ”

မြစ်ကြီးနားကို ရောက်နေကြတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ထဲက ပြီးခဲ့တဲ့ မတ်လမှာ ၄၀၀ ကျော် နေရပ်ပြန်ခဲ့ကြပြီး အခုဧပြီလမှာ လူ ၂၀၀ ကျော် ဆက်လက်နေရပ်ပြန်တာလို့ လည်း ပြောပါတယ်။

ကချင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ် ဦးခက်ထိန်နန်ကလည်း မြစ်ကြီးနားမြို့က နေရပ် ပြန်ကြမယ့် ပူတာအိုစစ်ဘေးဒုက္ခသည်တွေကို လာရောက်တွေ့ဆုံပြီး ကိုဗစ်ကာကွယ်ဆေး ထိုးဖို့၊ မှတ်ပုံတင်လာလုပ် ပေးတဲ့အချိန် မှတ်ပုံတင်လုပ်ဖို့နဲ့ ကျောင်းဖွင့်တဲ့အချိန် ကျောင်း တက်ဖို့ ပြောဆိုခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

အခုလို ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)၊ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ (WMR) နဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက စစ်ကောင်စီနဲ့ ကေအိုင်အေအဖွဲ့ကို ညှိနှိုင်းပေးခဲ့တာလို့ PCG အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

အခုနေရပ်ပြန်ပေမယ့် ရွာထဲမှာ စစ်တပ်တွေရှိနေတဲ့အတွက် အရင်ကလိုတော့ လွတ်လပ်မှု မရှိဘူးလို့ ဆွမ်ပီယာန် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“အရင်ကလောက်တော့ လုံခြုံမှုမရှိဘူး။ အဆင်ပြေသလို၊ ဖြစ်သလို နေ နေရတာပေါ့။ မနက် ၆ နာရီမှ ည ၆ နာရီအတွင်း သူတို့ပြောတဲ့အတိုင်းပဲ နေ နေရတော့ အရင်လို လွတ်လွတ်လပ်လပ်တော့ မဟုတ်ဘူးပေါ့။ အခက်အခဲတွေတော့ရှိပါတယ်”

ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့အကြား အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးထားတာ မရှိတဲ့အတွက် စစ်ကောင်စီဘက်နေ ပြန်ပြီး လှုပ်ရှားလာရင်တော့ တိုက်ပွဲဖြစ်လာနိုင်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုမြို့နယ်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လုံရှာယာန်၊ ဆွမ်ပီယာန်၊ အင်စီယာန်၊ အင်ဆိုင်းယာန် စတဲ့ ကျေးရွာတွေက ဒေသခံ ၆၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။