မြစ်ကြီးနားမှာ ရေပြန်ကျချိန် ရုပ်အလောင်း ငါးလောင်းထက်မနည်း ပြန်တွေ့

RFA Burmese
2024.07.10
မြစ်ကြီးနားမှာ ရေပြန်ကျချိန် ရုပ်အလောင်း ငါးလောင်းထက်မနည်း ပြန်တွေ့ မြစ်ကြီးနားမြို့မှာရေကြီးပြီး ရေပြန်ကျချိန်တွင် ပြန်တွေ့သည့် ရုပ်အလောင်းအချို့ကို လူမှုကူညီရေးအသင်းမှ သယ်ဆောင်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဥ်။
Facebook/မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း

ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေပြန်ကျလို့ ရှင်းလင်းရေးတွေလုပ်ချိန် ရုပ်အလောင်းငါးလောင်းထက်မနည်း ပြန်တွေ့ခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။

ရမ်ပူရပ်ကွက်နဲ့ ကြက်ပေါက်ခြံရပ်ကွက်မှာတော့ လူလတ်ပိုင်း အမျိုးသား ရုပ်အလောင်းသုံးလောင်း တွေ့ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့တွေ့တာက သုံးလောင်း။ ရမ်ပူနဲ့ ကြက်ပေါင်ခြံမှာ တွေ့တာ။ အိမ်အပြင် ရေထဲမျောနေတာ။ တချို့လည်း ပိုင်ရှင်ပေါ်တဲ့ဟာက သူတို့ဟာ သူတို့ သင်္ဂြိုဟ်တာ။ ကျွန်တော်တို့ကို အကြောင်းမကြားတော့ဘူး။ အဲဒီလိုမျိုး အလောင်းတွေလည်း ရှိတယ်”

မြစ်ကြီးနားမြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်သင်းရဲ့ တာဝန်ရှိသူတစ်ဦးကလည်း မြစ်ကြီးနားတစ်မြို့လုံးမှာ အလောင်းငါးလောင်းထက်မနည်း ပြန်တွေ့ထားတယ်လို့ RFA ကို ပြောပါတယ်။

“ငါးလောင်းလောက်တော့ ရှိပြီ။ ရေဝင်များတဲ့ ရမ်ပူတို့ ကြက်ပေါင်းခြံတွေ စီတာပူတို့မှာ တွေ့ရတယ်။ အလောင်းတွေက ပိုင်ရှင်ပေါ်တာလည်း ရှိတယ်၊ မပေါ်တာတွေလည်း ရှိတယ်။ တချို့က မြစ်ကြောင်းအတိုင်း မျောသွားပြီး ရွာဘက်တွေမှာ ပြန်တွေ့တယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ခြောက်ပေကျော်သည်အထိ မြင့်တက်ခဲ့ပြီး လက်ရှိမှာတော့ စိုးရိမ်ရေမှတ်အောက်ကို ပြန်ကျသွားပြီလို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။