မြစ်ခြေမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

RFA Burmese
2024.06.23
မြစ်ခြေမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ မကွေးတိုင်း၊ မြစ်ခြေမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့

မကွေးတိုင်း၊ မြစ်ခြေမြို့နယ် ကြက်ရှာရွာကို ဇွန်လ ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက်နှစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုသမီးတစ်ဦးတို့ လက်နက်ကြီးအပိုင်းအစတွေ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးလေးလုံးထက်မနည်း ပစ်ခဲ့ရာမှာ ကြက်ရှာရွာအလယ်ကို တစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ခြေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ရဲစခန်းက လေးလုံးပစ်တာ။ ရွာအလယ်က အိမ်ကိုကျပြီး သေဆုံးထိခိုက်ကြတာပါ။ နေ့လယ်ကျတော့ အောင်သာရွာ ပျူစောထီးစခန်းက လက်နက်ကြီးအလုံးနှစ်ဆယ်လောက် ပစ်တာ ညအထိပဲ။ ရွာထဲ ဘယ်သူမှ ပြန်မနေရဲကြဘူး"

သေဆုံး၊ ထိခိုက်သူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို လတ်တလော မသိရသေးဘူးလို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကိုတော့ ဆေးကုသမှုတွေပေးနေပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုကို မြစ်ခြေမြို့မရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပေမဲ့ ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၁ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားငါးထောင်ကျော် (၅၃၀၁ ဦး) သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။