ဘာသာရေး မုန်းတီးမှုတွေ ပပျောက်ဖို့ ဟောပြောဆွေးနွေး
2014.08.23

ဘာသာရေးမုန်းတီးမှုတွေ ပပျောက်ပြီး ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ရည်ရွယ် တဲ့ မေတ္တာတရားနဲ့ နိုင်ငံတော်လို့ အမည်ပေးထား တဲ့ ဆွေးနွေးဟောပြောပွဲကို ပြင်ဦးလွင်မြို့မှာ ကျင်းပရာ သံဃာတော်တွေအပြင် စန်းစန်းနွဲ့ (သာယာဝတီ ၊ ဆရာချစ်ဦးညို စတဲ့နာမည်ကြီး စာရေးဆရာတွေ က ဟောပြောခဲ့ကြပါတယ်။
ပြင်ဦးလွင်မြို့ အာရှအလင်းရောင် ကျောင်းတိုက်မှာ ကျင်းပတဲ့ အဲဒီဟောပြောပွဲအကြောင်းနဲ့ ပတ်သက်ပြီး စာရေးဆရာချစ်ဦးညိုက အခုလို ပြောပါတယ်။
"လူတစ်စု သို့မဟုတ် လူတစ်ဖွဲ့ကနေပြီးတော့ ရိုက်ကြနှက်ကြ သတ်ကြဖြတ်ကြ မီးတွေရှို့ကြ သိတဲ့အတိုင်း ရခိုင်ကစဖြစ်တယ်၊ မိတ္ထီလာ၊ မန္တလေးစသဖြင့် ဖြစ်ကြတော့ ဒါတွေက အဆောက်အဦးတွေ ပျက်စီးတယ်၊ ပုဒ်မ ၁၄၄ ထုတ် ရတယ်၊ လူတွေဒဏ်ရရတယ်၊ လူတွေသေကြေ ပျက်စီးတယ်ဆိုတာ ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ အစ္စလာမ်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဟိန္ဒူဖြစ်ဖြစ် ဒါဟာမလိုလား အပ်ဘူး၊ ဒါတွေကို တားဆီးနိုင်ဖို့အတွက် အဲဒါရဲ့အရင်းခံဟာ ဘာလဲဆိုတာကို မီးမောင်းထိုးပြနိုင်ဖို့အတွက် ကျနော်တို့တတွေ ကြိုးစားပြီးတော့ ပြောကြတယ်ပေါ့လေ၊ အခုလိုလုပ်ခြင်းဟာ ဘာသာပေါင်းစုံညီညွှတ်ရေးကို ကြီးစွာအထောက်အကူပြုနိုင်တယ်လို့ ယုံကြည်တယ်"
ဆွေးနွေးပွဲကို ဘာသာပေါင်းစုံက လူငယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး တုန့်ပြန်မေးမြန်းကြသူတွေရဲ့ မေးမြန်းချက်တွေကို ဆရာတော်တွေနဲ့ စာရေးဆရာတွေကဖြေကြားပေးခဲ့ကြပါတယ်။
အလားတူ ဟောပြောဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး မကြာခင် တခြားမြို့ကြီးတွေမှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။