မြစ်ကြီးနားတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲ ကျင်းပမည်
2012.09.03
ဒီဟောပြောပွဲကို မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ရပ်မိ ရပ်ဖတွေနဲ့ ကချင်အမျိုးသမီးအဖွဲ့ (Kachin Women Union) က ဦးစီးပြီး မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်း၊ မဂျွယ်ခန်းမဆောင်မှာ ကျင်းပမှာ ဖြစ်ပြီး သဘာ၀ သယံဇာတတွေ ထုတ်ယူသုံးစွဲမှုများတဲ့ ကချင်ပြည်နယ်အတွက် အင်မတန် အကျိုးများမယ့် ဟောပြောပွဲ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူ ဒေါ်ဂျာဆိုင်းခေါန် က RFA ကို ပြောပါတယ်။
"ဒီသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာက အခုအင်မတန်မှ အရေးကြီးတဲ့ အကြောင်းအရာ တစ်ရပ်ဖြစ်လာပြီလို့ ကျွန်မတို့အနေနဲ့ ယူဆတယ်။ လွန်ခဲ့တဲ့ အချိန်တွေမှာ ကျွန်မတို့ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ဒီလောက်မသိဘူး။ အထူးသဖြင့် ကျွန်မတို့ ကချင်ပြည်နယ်မှာ သဘာဝ အရင်းအမြစ်တွေ ပေါများတယ်ဆိုတော့ ကျွန်မတို့အနေနဲ့ ဒီသဘာဝ အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲလို့ မကုန်ခန်းနိုင်ဘူးလို့ အားလုံးရဲ့ အသိထဲမှာ အဲလိုပဲ ယူဆထားကြတယ်။ ပြီးတော့ တကယ်တမ်း ဒါတွေကို ဘယ်လို ထိန်းသိမ်းရမယ်။ ပြီးတော့ ဒါတွေ ကုန်ခန်းလာခြင်းအားဖြင့် ကျွန်မတို့ဆီမှာ နောက်ဆက်တွဲ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့် မသိသေးဘူး။ မသိသေးတဲ့ အခါကျတော့ အခု သူများဆီမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုလည်း ပြောပြချင်တယ်။ အဲဒီအကြာင်းအရာတွေ ကတော့ ရန်ကုန်ကနေလာတဲ့ ပညာရှင်တွေက သူတို့ဆီမှာ အချက်အလက်တွေ ပိုပြီးရှိတဲ့အတွက် အဆင့်ဆင့် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ သူတို့အနေနဲ့ ပြောပြမှာ ဖြစ်တယ်"
ဒီဟောပြောပွဲကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေဖြစ်တဲ့ FREDA အဖွဲ့က ဦးအုန်း၊ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်၊ ဒေါ်ဒေဝီသန့်စင်၊ Eco Dev မှ ဦးဝင်းမျိုးသူ၊ ဦးဝင်းကျော်၊ ကာတွန်းဆရာ အော်ပီကျယ်၊ စာရေးဆရာမ ဂျူးနဲ့ ဆရာ စိုးဝင်းငြိမ်းတို့ လာရောက် ဟောပြောမှာဖြစ်ပြီး ဒေသခံအချို့လည်း ပါဝင်ဆွေးနွေးမယ်လို့ သိရပါတယ်။
လောလောဆယ် ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ သဘာဝ ပတ်ဝန်းကျင်အရေး စိတ်ဝင်စားသူတွေ အပါအဝင် ပရိသတ် ၁၀၀၀ ဝန်းကျင် ဖိတ်ကြားဖို့ စီစဉ်ထားပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်တယ်လို့ ဒေါ်ဂျာဆိုင်းခေါန် ကပြောပါတယ်။
အခုလို ကျင်းပနိုင်ဖို့ အတွက် မြစ်ကြီးနား မြို့နယ်အုပ်ချုပ်ရေးရုံးကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က စာတင်ထားတယ်လို့လည်း သိရပါတယ်။