ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေ မွေးထုတ်ဖို့ NLD အမတ်အဆိုတင်


2019.08.29
pyithu-hluttaw-622.jpg ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
.

မြန်မာနိုင်ငံတဝန်း သဘာဝ ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ အဆက်မပြတ် ဆောင်ရွက်သွားနိုင်ဖို့အတွက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေကို မွေးထုတ်ပေးဖို့နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတွေကို မြို့နယ်၊ ခရိုင်အဆင့်အထိ တိုးချဲ့ဖွဲ့စည်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေထက်ဝင်းက ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ဖြေရှင်းနိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ကျွမ်းကျင်သူတွေ အများအပြားလိုအပ်နေပြီး၊ မြို့နယ်အဆင့်အထိ ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်လာနိုင်ဖို့အတွက် ရည်ရွယ်တင်သွင်းခဲ့တာဖြစ်ကြောင်း ဦးနေထက်ဝင်းက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို ၂၀၁၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာ အရာထမ်းဝန်ထမ်း စုစုပေါင်း ၁၀၂၈ ဦးသာရှိတယ်လို့ သူက ဆိုပါတယ်။ ဒီဦးစီးဌာနဟာ တိုင်းနဲ့ ပြည်နယ်တွေမှာ ရှိထားပေမယ့် လောလောဆယ် ခရိုင်နဲ့ မြို့နယ်တွေမှာ မရှိသေးပါဘူး။ ဒါ့ကြောင့် တိုးချဲ့ဖွင့်လှစ်ပေးဖို့၊ အဲဒီလို တိုးချဲ့လိုက်ရင် မြို့နယ်အဆင့်ထိ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေ ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်သလို ပြည်သူတွေကိုလည်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်တဲ့ စိတ်တွေဖြစ်လာအာင် အသိပညာပေးနိုင်မှာ ဖြစ်တယ်လို့ ဦးနေထက်ဝင်းက ဆက်လက်ရှင်းပြပါတယ်။

ဝန်းသိုမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေစိုးအောင်ကလည်း  ဦးနေထက်ဝင်းရဲ့ အဆိုကို ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ဦးနေထက်ဝင်းရဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာမှာတော့ ကန့်ကွက် သူမရှိတဲ့အတွက် လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်တာပါ။ အဆိုကို အခုလို အတည်ပြုပြီး မြို့နယ် အဆင့် လက်တွေ့ဆောင်ရွက်သွားမယ်ဆိုရင် သဘာ၀ ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး အနာဂါတ်မှာ ပိုကောင်းလာနိုင်တယ်လို့လည်း ဦးနေထက်ဝင်းက လွှတ်တော်အပြီးမှာ ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကစလို့ မုန်တိုင်းအန္တရာယ်တွေ၊ ငလျင်ဘေး အန္တရာယ်တွေအပြင် အပူရှိန်မြင့်တက်တာတွေ၊ ရေကြီးရေလျှံတာတွေ နှစ်စဉ်လိုလို ကြုံတွေ့လာနေရပါတယ်။  ဒီလထဲမှာပဲ မွန်၊ ကရင်၊ ပဲခူး၊ တနင်္သာရီ စတဲ့ဒေသတွေမှာ ရေကြီးရေလျှံမှုနဲ့ နောက်ဆက်တွဲ မြေပြိုမှုတွေကြောင့် အသက်အိုးအိမ်ဆုံးရှုံး မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၀ ကနေ ၂၀၁၅ ခုနှစ်အထိ နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ၃၈ ခုကို ကြုံတွေ့ခဲ့ရပြီး၊ လူပေါင်း တစ်သိန်း သုံးသောင်းကျော် သေဆုံးခဲ့ကာ လူဦးရေ ၁၃ သန်းကျော် ဘေးအန္တရာယ် ခံစားခဲ့ရ ကြောင်းလည်း အဆိုကို ထောက်ခံဆွေးနွေးတဲ့ ဦးနေစိုးအောင်ရဲ့ ဆွေးနွေးချက်တွေမှာ ဖော်ပြထားပါတယ်။

(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။